DVB Logo
Home
မြန်မာသတင်း
ICC တရားစွဲဆိုမှုအပေါ် မြန်မာကိုယ်စားလှယ် ပြင်းထန်စွာကန့်ကွက်
DVB
·
November 4, 2020
ICC တရားစွဲဆိုမှုအပေါ် မြန်မာကိုယ်စားလှယ် ပြင်းထန်စွာကန့်ကွက်
Donate to DVB

အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး (ICC) ရဲ့ တရားစွဲဆိုဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့မှုနဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက် စိန်ခေါ်ခြိမ်းခြောက်တာဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက်ကကျင်းပတဲ့ (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ  ICC ရဲ့ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဆွေးနွေးခဲ့ကြတာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်က ပြောကြားခဲ့တာလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။  

ဒီအစည်းအဝေးမှာ အတည်ပြုမယ့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အဆိုဆုံးဖြတ်ချက်ကို မြန်မာအနေနဲ့  သဘောတူညီမှုမရှိကြောင်းနဲ့ မထောက်ခံကြောင်း မြန်မာကိုယ်စားလှယ်ကပြောပါတယ်။

ရခိုင်ပြည်နယ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ Pre-Trial Chamber III က ICC ဥပဒေချုပ်ကို ၁၄-၁၁-၂၀၁၉ ရက်နေ့မှာ ခွင့်ပြုခဲ့တာနဲ့ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာကိုလည်း လုံးဝပယ်ချတယ်လို့ဆိုပါတယ်။

ICC ဥပဒေချုပ်အနေနဲ့ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရရှိဖို့ ကြိုးစားနေခြင်းဟာ ရောမစာချုပ်၊ ၁၉၆၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများဆိုင်ရာကွန်ဗင်းရှင်း အပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေ ‘မူ’ ကြီးတွေကို ဗြောင်ကျကျချိုးဖောက်တာဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ‘မူ’ ကြီးတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ရနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ အာဆာအကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကို  အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အာဆာအကြမ်းဖက်အဖွဲ့က မူဆလင်တွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ လူနည်းစု ဟိန္ဒူလူမျိုးများအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို မမေ့ရန် လိုအပ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းခံမှာ မဟုတ်သလို သက်သေခိုင်လုံတဲ့ မည်သည့် စွပ်စွဲမှုမျိုးကိုမဆို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးဖို့ တောင်းဆိုမှုတွေကိုလည်း  ပြင်းထန်စွာ ကန့်ကွက်ကြောင်း မြန်မာကိုယ်စားလှယ်က ပြောပါတယ်။ 

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013