
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းလာမှုကို ကန့်ကွက်တဲ့အနေနဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်တွေ ပူးပေါင်းပြီး “မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး” လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ မေ ၂၆ မှာ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ဟာ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ကချင်ပြည်နယ်အတွင်းက ဒေသခံပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးပြကာ အတင်းအဓမ္မ အစည်းအဝေးခေါ်ယူ ဝါဒဖြန့်နေတာလို့ ဆိုပါတယ်။
ကန့်ကွက်မှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တယောက်ကတော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ ဒီစီမံကိန်းကို ဆက်မလုပ်ဖို့ ကန့်ကွက်ရတာလို့ ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်မှာ စစ်အာဏာရှင်က စစ်ရေးအရှိန်မြှင့်ဖို့ လက်နက်တွေနဲ့ စစ်ယာဉ်တန်းတွေ ပိုမိုပို့ဆောင်နေတာဟာ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့၊ တရုတ်ရဲ့ ပိုးလမ်းမကြီး စီမံကိန်းနေရာတွေနဲ့ သဘာဝသယံဇာတ တူးဖော်တဲ့ နယ်မြေတွေကို ဦးတည်နေတာလို့ KHRW ဒါရိုက်တာ ဆိုင်းမိုင်က ထောက်ပြထားပါတယ်။
အဆိုပါနယ်မြေတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်မှာ စစ်အာဏာရှင် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်စာရင်းတွေမှာ ပါဝင်နေပါတယ်။
လတ်တလောမှာ သိန်းနဲ့ချီတဲ့ ကချင်ပြည်သူတွေ စစ်ဘေးရှောင်နေရချိန်မှာ စစ်တပ်က အတင်းအကျပ် လူစုပြီး စီမံကိန်းအတွက် ထောက်ခံမှုရယူဖို့ ခြိမ်းခြောက်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် မြစ်ဆုံစီမံကိန်း လုံးဝ အပြီးသတ် ဖျက်သိမ်းတဲ့အထိ ဒေသခံတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ ဆက်လက်ကန့်ကွက် ဖော်ထုတ်သွားမယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ထုတ်ပြန်ပါတယ်။










