DVB Logo
Home
မြန်မာသတင်း
သမာသမတ်ကျသည့် ရွေးကောက်ပွဲဖြစ်ရေး ရွေးကောက်ပွဲကော်မရှင်နှင့်  အစိုးရတွင်တာဝန်ရှိဟု တပ်မတော်ကြေညာ 
DVB
·
November 3, 2020
သမာသမတ်ကျသည့် ရွေးကောက်ပွဲဖြစ်ရေး ရွေးကောက်ပွဲကော်မရှင်နှင့်  အစိုးရတွင်တာဝန်ရှိဟု တပ်မတော်ကြေညာ 
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ဖြစ်တဲ့အပြင်  အပြန်အလှန်တာဝန်ခံရတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့မှာလည်း တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာပါတယ်။

လတ်တလော ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၂ ရက် ညသန်းခေါင်လောက်မှာ  သဘောထားထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန် ကြေညာလိုက်တာပါ။

ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲတွေနဲ့ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအရ ကြိုတင်ဆန္ဒမဲကောက်တဲ့ လုပ်ငန်းစဉ်မှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိနေရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် ၄ နှစ်ကျော်ရရှိခဲ့ပေမဲ့ ကြိုတင်ဆန္ဒမဲထည့်တဲ့ စာအိတ်တွေ၊ မဲပုံးတွေကို အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ရေး ချို့ယွင်းအားနည်းခဲ့တာတွေ့ရတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

ကြိုတင်ဆန္ဒမဲနဲ့ပတ်သက်ပြီး တည်ဆဲဥပဒေကို ကျော်လွန်နေတဲ့ ကြေညာတွေထုတ်ပြန်တာ၊ မဲပေးခွင့်မဆုံးရှုံးစေရေးကို အကြောင်းပြပြီး တည်ဆဲဥပဒေတွေကို ကျော်လွန်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာ၊ မဲပေးပိုင်ခွင့်ရှိသူစာရင်း မမှားသင့်တဲ့အမှားတွေတွေ့ရတာ စတဲ့ချို့ယွင်း အားနည်းချက်တွေဟာ ရွေးကောက်ပွဲ ပုံရိပ်ကို ကြီးမားစွာထိခိုက်စေနိုင်နိုင်တယ်လို့ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အစိုးရအဖွဲ့က တာဝန်ယူရပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရတာဖြစ်လို့ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတမှုရှိ/မရှိအပေါ် ဝေဖန်ရာမှာ ရွေးကောက်ပွဲ ကော်မရှင်အပေါ်ဝေဖန်ခြင်းထက် အစိုးရအပေါ်ဝေဖန်တာဖြစ်တယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

၂၀၁၅ မှာကျင်းပခဲ့တဲ့ လွတ်လပ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံတော်တာဝန်ကို ရယူနိုင်ခဲ့တဲ့ အစိုးရဖြစ်တဲ့အားလျော်စွာ အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း  ပြည်သူလူထုနဲ့ နိုင်ငံတကာက လိုလားနေတဲ့အတိုင်း ဒီမိုကရေစီစံချိန်စံနှုန်း တွေနဲ့အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်မယ်လို့ မျှော်လင့်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်တွေက ဒီလိုဖြစ်ဖို့အတွက် သံသယဖြစ်ဖွယ်ဖြစ်တယ်၊ ဩဂုတ်လ ၈ ရက်က စတင်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်း များနှင့်ပတ်သက်လို့ ဆောင်ရွက်ရာမှာ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်(SOP)အတိုင်း နိုင်ငံရေး ပါတီတွေကို လိုက်နာစေရေး ထိရောက်သောကြီးကြပ်မှုနဲ့ လုပ်ဆောင်မှုတွေပြုလုပ်ဖို့ အားနည်းခဲ့လို့ နောက်ဆက်တွဲ ဆိုးရွားတဲ့ ရလဒ်တွေဖြစ်ပေါ်ခဲ့တယ်လို့လည်းဆိုပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ ရိုးသားစွာ မှားယွင်းမှုနဲ့ ရည်ရွယ်ချက်ရှိရှိ မှားယွင်းမှုအားလုံးကို အစိုးရအနေနဲ့ တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ကြီးကြပ်ရန်တာဝန်ရှိမှာဖြစ်ပြီး  အစိုးရ တစ်ရပ်ရဲ့ တာဝန်ကျေပွန်မှုကို နောက်ဆုံးရွေးကောက်ပွဲကာလအထိမှတ်ကျောက် တင်ခံရမှာ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ပင် တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုရဲ့ ကိုဗစ်-၁၉  ကမ္ဘာ့ကပ် ရောဂါကြောင့် စိတ်ဖိစီးမှုများစွာကြားထဲက ကောင်းတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာစေဖို့ မျှော်လင့်ချက်ကိုလည်းကောင်း ရည်ရွယ်ပြီး လွတ်လပ်၍တရားမျှတ သောရွေးကောက်ပွဲ တစ်ရပ်ဖြစ်လာစေရေး ရွေးကောက်ပွဲကော်မရှင်ဟာ လုပ်ငန်း တာဝန်တွေကို ဆောင်ရွက်ရာမှာ တည်ဆဲအစိုးရက စနစ်တကျရှိပြီး မှန်ကန်တဲ့ ကြပ်မတ်မှုများစွာလိုအပ်တယ်လို့လည်း တပ်မတော်က ပြောပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည် ၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည် ဆိုတဲ့ စံ(၅)ချက်နဲ့ ပြည့်မီစွာ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။ 

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံရေးပါတီ ၉၀ ကျော်က ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလတွေ ပါဝင်ယှဉ်ပြိုင်ကြရာမှာပါ။ လွှတ်တော်အသီးသီးရဲ့ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကိုတော့  တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုဘဲ အလိုအလျှောက်ရရှိထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013