
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ဟာ သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေကို အခုသီတင်းပတ်ကုန်မှာ ကျင်းပမဲ့ ပါလီမန်ရွေးကောက်ပွဲမတိုင်ခင် "အာဏာသိမ်းဖို့" ကြိုးစားနေတယ်လို့ ဧပြီ ၁၀ ရက်မှာ စွပ်စွဲလိုက် ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ အော်ဘန်က "ကျနော့်တို့ရဲ့ ပြိုင်ဘက်တွေဟာ အာဏာရဖို့ဆိုရင် ဘာမဆိုလုပ်မယ့်သူတွေ" လို့ ပြင်းပြင်းထန်ထန် ပြောထားပါတယ်။
သူတို့ဟာ နိုင်ငံခြားထောက်လှမ်းရေးတွေနဲ့ ပူးပေါင်းကြံစည်နေပြီးတော့ ဟန်ဂေရီပြည်သူတွေ ရွေးချယ်ထားတဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ဖို့ စနစ်တကျ ကြိုးပမ်းနေပြီး၊ သူ့ကို ထောက်ခံသူတွေကိုလည်း အကြမ်းဖက်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အတိုက်အခံတွေဟာ ရွေးကောက်ပွဲတောင် မလုပ်ရသေးခင်ကတည်းက လုပ်ကြံစွပ်စွဲချက်တွေနဲ့ "မဲလိမ်နေတယ်"လို့ အော်ဟစ်ပြီး မဲတောင် မရေတွက်ရသေးခင်မှာပဲ ဆန္ဒပြပွဲတွေ၊ ရှုပ်ထွေးမှုတွေဖြစ်အောင် ကြိုတင်ပြင်ဆင်နေကြတယ်လို့ သူက စွပ်စွဲပါတယ်။
ဒါဟာ ဟန်ဂေရီပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ဖိအားပေးဖို့နဲ့ နိုင်ငံတကာမှာ သိက္ခာကျအောင် စနစ်တကျ လုပ်ဆောင်နေတာလို့လည်း အော်ဘန်က ပြောပါတယ်။
ဒါပေမဲံ့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အော်ဘန်ဘက်က သက်သေအထောက်အထား တစုံတရာ ပြသနိုင်ခြင်း မရှိပါဘူး။
အမျိုးသားရေးဝါဒီ အော်ဘန်အတွက် အခုရွေးကောက်ပွဲဟာ ၁၆ နှစ်အတွင်း အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။
သောကြာနေ့က ထွက်ရှိလာတဲ့ နက်ပ်ဇာဗာ သတင်းစာရဲ့ လူထုသဘောထား စစ်တမ်းအရ အတိုက်အခံ လက်ယာယိမ်း တိဇာပါတီက အော်ဘန်ရဲ့ ဖှိဒက်စ်ပါတီကို ဦးဆောင်နေပါတယ်။
ဒါပေမဲ့ မဲဆန္ဒရှင်တွေထဲမှာ ဘယ်သူ့ကို ပေးရမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့သူတွေ အများအပြားရှိနေတာကြောင့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရလဒ်ကတော့ အတိအကျ ခန့်မှန်းလို့ မရသေးပါဘူး။
Source: Reuters










