DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့တွင် ကြိုတင်မဲပေးချိန် အငြင်းပွားမှုဖြစ်ပွား
DVB
·
November 2, 2020
လွိုင်ကော်မြို့တွင် ကြိုတင်မဲပေးချိန် အငြင်းပွားမှုဖြစ်ပွား
Donate to DVB

ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်မှာ ကြိုတင်မဲပေးနေတဲ့အချိန် မဲရုံတာဝန်ရှိသူတွေနဲ့ ပါတီဘက်က စောင့်ကြည့်သူတွေအကြား အငြင်းပွားမှု ဖြစ်ပွားခဲ့တာကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က လာရောက်စစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။

ကြိုတင်မဲလာရောက်ပေးတဲ့ သက်ကြီးရွယ်အိုတွေကို လောဓမ္မရပ်ကွက် ကော်မရှင်တာဝန်က မဲပေးပုံ ပေးနည်းတွေ လျှိုဝှကဆန္ဒမဲပေး အခန်းနားမှာ ပြောပြနေတဲ့ပေါ် ပါတီဘက်က စောင့်ကြည့်တဲ့အဖွဲ့က ပြောဆိုရာကနေ အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ မဲရုံမှာ စောင့်ကြည့်မှုလုပ်ဆောင်နေတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ မသွယ်သွယ်စန်းက  “မဲပေးတဲ့လူနဲ့ သူနဲ့အဝေးကြီးမှာနေရမှာ။ အဲဒါသူက အဝေးကြီးမနေဘဲနဲ့ နီးနီးကပ်ကပ်သွားနေတယ်။ တအား..တော်တော်ကို နီးကပ်အောင်နေတယ်။  နေပြီးတော့မှ မဲစားရင်းစာရွက်ထည့်ဖို့ စာရွက်တောင်မှ သူကိုင်ပေးတယ်။ ကိုင်ပြီးပုံးထဲ ထည့်ပေးတဲ့အဆင့် ကိုတောင် ကျမမြင်ခဲ့ရတယ်။ ကျမအနေနဲ့ လုံးဝ သည်းမခံနိုင်တဲ့အဆုံး ကျမဝင်ပြောတယ်။ အဲအဖွဲ့ကို ကျမ ခွင့်တောင်းပြီးမှဝင်တယ်။ ခွင့်ပေးလို့ ကျမ ဝင်သွားတယ်။ အဲဒီလို မဖြစ်သင့်ဘူး၊ မဲထည့်တဲ့လူနဲ့ ဝေးဝေးနေပေးပါလို့ ကျမပြောတယ်။ ဒါပေမဲ့ သူ ကျမကို ရန်တွေ့တယ်။ နင် ဒီထဲကို ဝင်ပိုင်ခွင့်မရှိဘူး သူကျမကို ပြောတယ်။ တခြားပါတီတွေ ဝင်သွားတယ် ခွင့်မတောင်းဘူး၊ ကျမ ခွင့်တောင်းပြီးမှဝင်တာ ကျမကို သူ လက်မခံဘူး။ လုံးဝ တရားနည်းလမ်းမကျဘူးလို့ ကျမပြောချင်တယ်။ ”

မဲရုံတွင်း လာရောက်စောင့်ကြည်နေတဲ့ အန်အယ်ဒီပါတီဝင် ဒေါ်ခင်နှင်းနွယ်က ကြိုတင်မဲစတင်ပေးတဲ့ ၂၉ ရက်နေ့ကတည်းက မဲရုံတွင်းက ကော်မရှင်တာဝန်ရှိသူတွေက အခုလိုပုံစံမျိုး လုပ်ဆောင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

“သူ့ဘေးမှာပဲ တောက်လျှောက်ပြပေးနေတာပေါ့။ သူတို့က ကော်မရှင်အဖွဲ့ဗျာ၊ တောက်လျှောက်ပြပေးနေတယ်။ ဒီလိုလုပ် ဒီလိုလုပ် ဘာညာအဲလိုပြပေးနေတယ်။ အန်တီတို့က ပြောပိုင်ခွင့်က မရှိတော့လေ အဲလိုမျိုးတွေ တွေ့ရတာပေါ့။”

လျှိုဝှက်မဲပေးတဲ့နေရာနီး ပြောဆိုနေမှုအပေါ် ပြောဆိုလို့ မရကြောင်း စောင့်ကြည့်သူဘက်က ပြောဆိုပေမယ့် သူတို့ကော်မရှင်အနေနဲ့ ပြောလို့ရကြောင်းသာ ပြောလို့ အငြင်းပွားခဲ့တာဖြစ်ပါတယ်။

ဒီလိုအငြင်းပွားမှုဖြစ်ပွားခဲ့လို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌက  လောဓမ္မ ရပ်ကွက်မဲရုံကို လာရောက်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်အနေနဲ့ ဆန္ဒမဲပေးသူအနီးပြောဆိုလို့မရကြောင်း ရှင်းလင်းညွှန်ကြားခဲ့ပါတယ်။

 မြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသန်းက “အခုဟာက အမှားတွေ ရှိနေလို့ တစ်ချို့တွေက နားမလည်ဘူး။ အဲဒီတော့ စစ်ရမယ်လေ။ နောက်မှာ မဲရိုက်ပြီးလား မပြီးလား၊ တံဆိပ်တုံး ပါလား မပါလား အဲဒါတွေပေါ့နော် အကုန်လုံးက ကျနော်တို့ ပြောပြရမှာပေါ့။ ပယ်မဲ မဖြစ်အောင် အဓိကပဲလေ။ အဲဒါလေးကို ပြောပြတာ ဖြစ်မှာပါ။”

လျှို့ဝှက်မဲပေးတဲ့ အခန်းဘေးနားမှာနေပြီး လုပ်ဆောင်တာမျိုးမလုပ်ဖို့ ညွန်ကြားထားကြောင်းလည်း ဦးလှသန်းက မီဒီယာတွေကို ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၃ အရ “ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးသူများမှအပ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာ မဲရုံအသီးသီး၌ ဆန္ဒမဲ လက်မှတ်များကို ကိုယ်တိုင် လာရောက်ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြု၍ သက်ဆိုင်ရာ မဲပုံးအတွင်းသို့ ကိုယ်တိုင်ထည့်ရမည်၊ မည်သူမျှ ကိုယ်စားလှယ် စေလွှတ်၍ ဆန္ဒမဲပေးခြင်း မပြုရ” ဟု ဖော်ပြထားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် အသက် ၆၀ နှစ်အထက် ကြိုတင်မဲတွေကို အောက်တိုဘာ  ၂၉ ရက် နေ့ကစပြီး ကောက်ခံနေရာ ၅ ရက်နေ့မြောက်ဖြစ်ပြီး ကယားပြည်နယ် အတွင်း အသက် ၆၀ နှစ်နဲ့ အထက် မဲပေးခွင့်ရှိသူ ၂၂၁၁၄ ဦး ရှိတယ်လို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013