DVB Logo
Home
မြန်မာသတင်း
ကျပ်ငွေ ၅ ဘီလီယံ ပြန်မဆပ်နိုင်သဖြင့် ဆန်ကုန်သည်များနှင့် ကုမ္ပဏီအကြား အငြင်းပွား
ဟန်န
·
August 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှာ ကုမ္ပဏီက တာဝန်ခံထားတဲ့ အဝယ်တော်က ဆန်၊ ဆန်ကွဲဖိုး အကြွေးယူထားတဲ့ ကျပ်ငွေ ၅ဘီလီယံ ပြန်မဆပ်နိုင်တာကြောင့် ဆန်ကုန်သည်တွေနဲ့ ကုမ္ပဏီအကြား အငြင်းပွားမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

အရင်အစဥ်အဆက်ကတည်းက ငွေကြေးလိမ်လည်ဆုံးရှုံးမှုတွေ မကြာခဏ ဖြစ်ပွားတတ်တဲ့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှာ ကျပ်ငွေ ၅ ဘီလီယံ အကြွေးမပေးနိုင်မှုက လက်ရှိ ၂၀၂၆ ခုနှစ်အတွင်းမှာ အများဆုံးပမာဏအဖြစ် ဖြစ်ပွားခဲ့တာလို့ ကုန်စည်ဒိုင်တာဝန်ရှိသူတွေက ပြောဆိုထားပြီး ပေးဖို့၊ ရဖို့သူတွေကြား ပြေလည်မှုမရရှိသေးပါဘူး။

ကုန်စည်ဒိုင် တာဝန်ရှိသူတယောက်က “ငွေလိမ်တာကတော့ ကျနော်တို့ ဒီက ရောင်းတဲ့သူတွေ တချို့ အများကြီးရောင်းကြတဲ့ထဲမှာ  တချို့က ကုမ္ပဏီရဲ့ လိုဂိုနဲ့ ကုန်ချတဲ့ လက်ခံတွေ ရှိတယ်။ ကုမ္ပဏီရဲ့ သဘောက ဈေးပိုပေးတယ်၊ ငွေကို ကြာကြာထားတတ်တဲ့ ကုမ္ပဏီပေါ့၊ အကြွေးဝယ်တဲ့ ကုမ္ပဏီပေါ့။ အကြွေးဝယ်တာကြာတော့ နှစ်လ၊ သုံးလတွေ ကြာတော့ အခု အဲဒီက ဝယ်ယူခဲ့တဲ့  ဝန်ထမ်းက ငွေအလွဲသုံးစားလုပ်တယ် ဆိုပြီးတော့ ကုမ္ပဏီကနေ အဲဒီဝန်ထမ်းကို အချုပ်ထဲ ထည့်လိုက်ရော၊ အဲဒီတော့ ရရန် ပေးရန်ရှိတဲ့လူတွေက ကုမ္ပဏီကို တောင်းဆိုတဲ့အခါမှာ အဲဒီဝန်ထမ်းက ရှင်းထားပြီးပြီလို့ ကုမ္ပဏီက ပြောတယ်။ ကုမ္ပဏီကနေ ဝန်ထမ်းကို ရှင်းတာက သူ့အကြောင်းပေါ့နော်။ ဒီဘက်က ကုန်ပို့ထားတဲ့လူတွေက ပိုက်ဆံမရသေးဘူး။ ငါတို့မှာ လက်ခံတွေ ရှိတယ်။ အဲဒီတော့ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။ သိန်းပေါင်း လေးသောင်း ငါးသောင်းလောက်” လို့ ပြောပါတယ်။

ဆန်နဲ့ ဆန်ကွဲတွေကို ပြည်တွင်းသုံးအတွက်ဖြစ်စေ၊ ပြည်ပတင်ပို့မှုအတွက်ဖြစ်စေ ဝယ်ယူဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေက အဝယ်တော်တွေကို ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ဆီကို စေလွှတ်တဲ့အခါမှာ စေလွှတ်လိုက်တဲ့ အဝယ်တော်တွေကို အစစအရာရာ တာဝန်ယူကြောင်း ကုမ္ပဏီဘက်က အသိပေး အကြောင်းကြားစာကို ကုန်စည်ဒိုင်ဆီကို ပေးပို့ရတာဖြစ်ပါတယ်။

လတ်တလော ကျပ်ငွေ ၅ ဘီလီယံ ပြန်မဆပ်နိုင်တဲ့ကိစ္စမှာလည်း ကုမ္ပဏီက အဝယ်တော်ကို တာဝန်ယူကြောင်း အသိပေး အကြောင်းကြားစာပို့ထားပေမဲ့ အဝယ်တော်ရဲ့ လုပ်ရပ်ကြောင့် ရောင်းသူတွေ ငွေမရတဲ့အခါ ကုမ္ပဏီရဲ့ တာဝန်ခံပေးမှုအပေါ်မှာ စိုးရိမ်လာကြတာ ဖြစ်ပါတယ်။ လက်ရှိ ဒီသတင်းရေးသားချိန်ထိ ကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အဖွဲ့ဝင်တယောက်က “လက်ရှိဖြစ်သွားတာက အဲဒီ ဆန်ကွဲဝယ်တဲ့လူ၊ အရက်ချက်စက်ရုံ ထောင်ထားတဲ့ ကုမ္ပဏီနဲ့ ပွဲရုံလုပ်ငန်း၊ သူတို့ကလုပ်နေတာ ဒီလုပ်ငန်းကို အနှစ် နှစ်ဆယ်လောက် ရှိနေပြီ။ ဝယ်နေတာ၊ အဲဒီသူ့ရဲ့ ကိုယ်စားလှယ်ပေါ့၊ လုပ်သွားတာ။ လုပ်သွားတယ် ဆိုတာက သူက အဲဒီကုမ္ပဏီနာမည်နဲ့ ပစ္စည်းဝယ်ပြီး ငွေမချေဘူး။ တကယ်လိုက် ပြောတော့ အရက်ချက်စက်ရုံက သူ့ရဲ့ နောက်ကွယ်က ပထမတုန်းက သူတို့လုပ်နေကျကုမ္ပဏီက လူက  တာဝန်မယူဘူး ဖြစ်နေတယ်။ အမှန်က သူက တာဝန်ယူမယ်ဆိုရင် ယူနိုင်တယ်။ ဝန်ထမ်းက အလွဲသုံးစားလုပ်တယ် ဆိုပြီး ပြောနေတာ။ အမှန်တော့ သူတို့က ဒီမှာဝယ်တုန်းက ဒီဝန်ထမ်းက ဝယ်တာ မဟုတ်ဘူး။ ဒီဝန်ထမ်းက ဝယ်လို့ရှိရင် ဒီကလူက အဲဒီလောက်ပမာဏကို မရောင်းဘူး။ သူတို့က အနှစ်နှစ်ဆယ်လောက်လည်း ရှိပြီ။ ဒီကုမ္ပဏီက ဝယ်ပါတယ် ပြောတော့ ဒီကုမ္ပဏီက အကြီးကြီးပဲ။ High Class အရက်၊ High Class တံဆိပ်နဲ့ထုတ်တဲ့ အရက်ကုမ္ပဏီက ဝယ်တာ။ အရက်ချက်စက်ရုံက မန္တလေးမှာ ရွှေမြင်းပျံ၊ သူတို့က မြနဒီလည်း ခေါ်တယ်။ အခု ကျနော်တို့ဆီမှာ တင်ထားတာ တောင်ကြီးဂရိန်း။ အဲဒီတောင်ကြီး ဂရိန်းကလည်း အဲဒီလူတွေ ထောင်ထားတာ။ ကျနော်တို့ဆီမှာ စာရွက်စာတမ်း ရှိတယ်။ လွှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်မှန်သမျှကို သူတို့ တာဝန်ယူရမယ်ဆိုတာ သူတို့လက်မှတ်ထိုးထားတာ ရှိတယ်။ အခု တကယ်ဖြစ်လည်းဖြစ်ရော တာဝန်မယူဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

လတ်တလော ဆန်၊ ဆန်ကွဲဖိုး ကျပ်သိန်းငါးသောင်းအကြွေးကိစ္စက မပြေလည်သေးတဲ့အတွက် အဝယ်တော်ကိုယ်စားလှယ်တွေအပေါ် ကုမ္ပဏီက တာဝန်ခံပေးထားတဲ့ စာရွက်စာတမ်းတွေ အခိုင်အမာရှိရက်နဲ့ တရားရုံးတက်ဖို့ကိုလည်း အကြွေးရစရာရှိတဲ့ ဆန်ကုန်သည်တွေက ဝန်လေးကြတယ်လို့ ဆိုပါတယ်။

ဆန်ကုန်သည်တယောက်က “စာရွက်စာတမ်းအခိုင်မာရှိရဲ့သားနဲ့ ဒီငွေကြေးတွေ ဆုံးရှုံးရမယ်၊ တရားရုံးကိုသွားဆိုတော့လည်း မဖြစ်သင့်ဘူးပေါ့။ တရားရုံးသွားတယ်ဆိုတဲ့အဆင့်က မလွယ်ဘူး၊ ကုန်ကျစရိတ်တွေ ရှိတယ်။ အချိန်တွေ ပေးရတယ်။ ဥပဒေကို နားမလည်တာတွေ ရှိတယ်။ လူတိုင်းက တရားရုံးကို၊ ဥပမာ သိန်းသုံးရာ ရစရာရှိတဲ့ သူက တရားရုံးကိုသွားဆိုရင် မသွားတော့ဘူး။ တရားရုံးစရိတ်က အဲဒီလောက်မကဘူး ကုန်မှာ” လို့ ပြောပါတယ်။

မြန်မာ့ဆန်စပါးရေးရာ အသင်းအဖွဲ့တွေမှာ ဆန်ကုန်သည်အသင်းက ရှေးအကျဆုံး အသင်းဖြစ်ပေမဲ့ ဆန်ကုန်စည်ဒိုင်အတွင်း လိမ်လည်မှုတွေက ပမာဏအနည်းအများအလိုက် မကြာခဏဆိုသလို ဖြစ်ပွားနေပြီး အဲဒီငွေလိမ်လည်မှုမကြာခဏဖြစ်နေတဲ့ ရောင်းဝယ်မှုစနစ်အပေါ်မှာ ဆန်စပါးရေးရာ ကိစ္စတွေကို ပုဂ္ဂလိကပိုင်းကနေ အစစအရာရာကိုင်တွယ်ထားတဲ့ ဆန်စပါးအသင်းချုပ်အပြင် သက်ဆိုင်ရာ စိုက်ပျိုးရေး၊ စီးပွားကူးသန်း စတဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဌာနတွေကလည်း ပြုပြင်ပေးနိုင်စွမ်းမရှိ ဖြစ်နေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013