
ဟော်မုဇ် ရေလက်ကြားမှာ အနာဂတ်စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အီရန်နဲ့ အိုမန် ၂ နိုင်ငံကြား အဆိုပြုချက်တွေ အပြန်အလှန် ဖလှယ်ခဲ့ကြပါတယ်။
ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု ငါးပုံတပုံ ဖြတ်သန်းသွားလာရာ ဒီ ရေလမ်းကြောင်းဟာ ၂ နိုင်ငံစလုံးရဲ့ ရေပိုင်နက်တွေနဲ့ ထိစပ်နေတာ ဖြစ်တဲ့အလျောက် သဘောထားကွဲလွဲမှု ရှိနေပါတယ်။
၂ နိုင်ငံကြား အငြင်းပွားနေတဲ့ အချက်ထဲမှာ သင်္ဘောတွေ သွားရမဲ့လမ်းကြောင်း၊ ကောက်ခံမဲ့ အခွန်နှုန်းထားနဲ့ ရေမြှုပ်မိုင်း ရှင်းလင်းရေး အပါအဝင် ဘယ်သူက စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်မလဲဆိုတဲ့ မေးခွန်းတွေ ပါဝင်နေပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေဆီက ထောက်ခံမှုရထားတယ်ဆိုတဲ့ အိုမန်ရဲ့ အဆိုပြုချက်အရ ဟော်မုဇ်ကို အီရန်အနေနဲ့ တနိုင်ငံတည်း အပြည့်အ၀ ထိန်းချုပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် အိုမန်ရဲ့ အဆိုပြုချက်ဟာ မလက္ကာရေလက်ကြားမှာ စီမံခန့်ခွဲနေတဲ့ပုံစံအပေါ် အခြေခံထားတာ ဖြစ်တဲ့အလျောက် “ဆန္ဒအလျောက် ပေးဆောင်နိုင်တဲ့ အခကြေးငွေစနစ်” ပါဝင်ကြောင်း သိရပါတယ်။
အဲဒီမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေက ရေလက်ကြားအသုံးပြုမဲ့ သင်္ဘောတွေကို ရေကြောင်းလုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရှာဖွေကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဆန္ဒရှိတဲ့အတိုင်း ထည့်ဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
အရှေ့အာရှဒေသမှာ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာ ၂ ခုကြား ဆက်သွယ်ပေးထားတဲ့ ဒီရေလမ်းကြောင်းက တနှစ်ကို ဒေါ်လာသန်း ၇၀ လောက် ရရှိနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ဟော်မုဇ် ဖြတ်သန်းမဲ့ သင်္ဘောတစီးကို ဒေါ်လာ ၁ သန်းစီ ဝန်ဆောင်ခ ကောက်ခံမယ် ဆိုတဲ့ အီရန်ဘက်က အဆိုပြုချက်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အများကြီး လျော့နည်းနေပါတယ်။
ဒါ့ကြောင့်ပဲ အီရန်ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၂ ယောက်ထဲက တယောက်ဖြစ်တဲ့ ကာဇမ် ဂါရီဘာဘာဒီဟာ ၂ နိုင်ငံကြား ရေလမ်းကြောင်းကို အညီအမျှခွဲဝေမဲ့ အိုမန်ရဲ့ အဆိုပြုချက်အပေါ် ပယ်ချထားကြောင်း အတည်ပြုပါတယ်။
အီရန်ရဲ့ အဆိုပြုချက်အရ တီဟီရန်ဘက်ခြမ်း ရေလမ်းကြောင်းကို သူတို့ဘာသာ စီမံခန့်ခွဲမှာဖြစ်ပြီး အိုမန်က မက်စ်ကတ်ဘက်ခြမ်း တစိတ်တပိုင်းကို ထိန်းချုပ်ခွင့်ရမှာ ဖြစ်ပေမဲ့လည်း အားလုံးတော့ မဟုတ်ဘူးလို့ ဖြည့်စွက်ပြောပါတယ်။
အဲဒီအဆိုပြုချက်က အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ပွဲကာလအတွင်း ဟော်မုဇ် ပိတ်ဆိုခံထားရတဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်ခဲ့တဲ့ အခြေအနေကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။










