DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ အလုပ်သမအချို့ အိမ်လခနှင့်စားစရိတ်အတွက် ပြည့်တန်ဆာလုပ်ကိုင်မှုများ ရှိလာ
DVB
·
November 2, 2020
ကိုဗစ်ကာလ အလုပ်သမအချို့ အိမ်လခနှင့်စားစရိတ်အတွက် ပြည့်တန်ဆာလုပ်ကိုင်မှုများ ရှိလာ
Donate to DVB

ကိုဗစ်-၁၉ ကာလအတွင်း အလုပ်ပြုတ် အထည်ချုပ်အလုပ်သမတချို့ အိမ်လခနဲ့ စားစရိတ်အတွက် ပြည့်တန်ဆာအလုပ် လုပ်ကိုင်တာတွေ ရှိလာတယ်လို့ ဥရောပသမဂ္ဂ (EU) က ဖော်ပြလာပါတယ်။ 

မြန်မာပြည်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း စက်ရုံ အလုပ်ရုံ ပိတ်သိမ်းတာတွေကြောင့် အထည်ချုပ်လုပ်သားပေါင်း သောင်းချီ အလုပ်လက်မဲ့ ဖြစ်နေကြရပြီး အများစုက အမျိုးသမီးလုပ်သားတွေ ဖြစ်ပါတယ်။

သူတို့ဟာ အိမ်လခနဲ့ စားစရိတ် ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် ပြည့်တန်ဆာအလုပ်ကို မလုပ်ကိုင်ချင်ပေမဲ့ လုပ်ကိုင်လာရတဲ့သူတွေ ရှိနေတယ်လို့ ဥရောပသမဂ္ဂ (EU) က ဖော်ပြထားပါတယ်။

လက်ရှိမှာ အီးယူအနေနဲ့လည်း အလုပ်အကိုင် ဆုံးရှုံးသူတွေ၊ အလုပ်ခွင် ရပ်ဆိုင်းခံထားရတဲ့ လုပ်သား ၅ သောင်းလောက်ကို မြန်ကူအစီစဉ်နဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးနေတာဖြစ်ပြီး ဒီငွေကြေးထောက်ပံ့တဲ့ အစီအစဉ်မှာ အိမ်လခနဲ့ စားစရိတ်တွေအတွက် ပြည့်တန်ဆာအလုပ် လုပ်ကိုင်လာရတဲ့ လုပ်သားတချို့ပါ ပါဝင်လာတယ်လို့ မြန်ကူအစီအစဉ်ကို ဦးဆောင် လုပ်ကိုင်နေတဲ့ SMART Myanmar စီမံကိန်းအဖွဲ့ရဲ့ တာဝန်ရှိသူ မစုမွန်သဲက ပြောပါတယ်။

“လောလောလတ်လတ် သတင်းဌာနတခုက ရလို့။ သူတို့ အရင်တုန်းက အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့တယ်။ အလုပ်ထွက်ပြီးနောက် ကိုဗစ်ကြောင့် သူတို့ အလုပ်ရှာဖွေရ အရမ်းခက်သွားတယ်။ အလုပ်ရှာဖွေရခက်တဲ့ အကြောင်းရင်းတချို့က သူတို့မှာ မှတ်ပုံတင်မရှိလို့ အလုပ်တွေက လက်မခံတာက တကြောင်း၊ ကိုဗစ်ကြောင့် အလုပ်တွေက ရှိနေတဲ့လူတွေတောင် လျှော့ချနေတာတကြောင်းကြောင့် သူတို့မှာ အလုပ်ရှာဖွေရတာ ခက်တယ်။ အဲဒါကြောင့် သူတို့မှာ ရွေးချယ်စရာမရှိဘဲ sex worker အလုပ်ကို လုပ်လိုက်ရတယ်ပေါ့။ အဲဒါကို အစ်မတို့ သတင်းတခုကနေ သိလိုက်ရတယ်။ အဲဒီအတွက် မြန်ကူအနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ သူတို့လုပ်ခဲ့တဲ့ အလုပ်ကလည်း အရင်က မြန်ကူက ထောက်ပံ့ခဲ့တဲ့ အခန်းကဏ္ဍ ဖြစ်တဲ့ အထည်ချုပ်ဆိုတော့ သတင်းဌာနကနေ သိလိုက်ရတဲ့ ၃ ယောက်ကို အစ်မတို့ ဆက်လက်ထောက်ပံ့လိုက်တယ်။ အစ်မတို့နဲ့အတူပူးပေါင်းလုပ်တဲ့ အဖွဲ့အစည်းနဲ့လည်း ရှေ့လျှောက် ဆာဗေးတွေကောက်၊ လေ့လာပြီး တွေ့ရှိတဲ့လူတွေကို အစ်မတို့ ရှိနေတဲ့ fund ထဲက လက်လှမ်းမီသလောက် ပါတနာအဖွဲ့အစည်းတွေနဲ့ ကူညီသွားမယ်လို့ ရည်ရွယ်ထားပါတယ်။”

လက်ရှိမှာ မြန်ကူထောက်ပံ့မှုအစီစဉ်ဟာ ရေတိုထောက်ပံ့မှုသာ ဖြစ်တာမို့ ဒီလို လုပ်သားတွေအတွက် အိမ်တွင်းလုပ်ကိုင်နိုင်မယ့် အိမ်တွင်းမှုလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း မြန်ကူအစီစဉ်ရဲ့ တာဝန်ရှိသူက မှတ်ချက်ပြုထားပါတယ်။

မြန်မာပြည်တွင်း ကိုဗစ်ကာလအတွင်း စက်ရုံ အလုပ်ရုံ ဆိုင်အလုပ်ဌာနတွေ ပိတ်သိမ်းတဲ့ အခြေအနေတွေကြောင့်  အလုပ်ပြုတ်တဲ့ လုပ်သားဦးရေ မြင့်တက်နေပြီး ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းသစ် ရှားပါးလာတဲ့ ဒီကာလမှာ ရရာအလုပ်လုပ်ကိုင်ဖို့၊ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ကိုလည်း ဆန္ဒရှိနေတာ တွေ့ရပါတယ်။

စက်ရုံလုပ်သားတဦးက “ဒီလိုအလုပ်မရှိတဲ့အခြေအနေမှာ မဲဆောက်တို့ ဘာတို့ သွားမယ်လို့ သူငယ်ချင်းတွေက ပြောတယ်။ ဟိုမှာကတော့ တလကို ဘယ်လောက်ရတယ်၊ ငါးသိန်း ရတယ်၊ ခြောက်သိန်း ရတယ်။ ဒီလိုမျိုးတွေ ပြောတော့ သွားချင်တဲ့စိတ်တော့ပေါ်တယ်။ ကိုဗစ်ကာလကြီးမှာ သွားဖို့ကလည်း အခြေအနေကမကောင်းသေးဘူး။ ဒီမှာရှိနေပြန်တော့လည်း အလုပ်ကမရှိ။ သူတို့ပြောတော့လည်း သွားဖို့ စိတ်ပါတာတွေ ရှိကြတယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ပထမလိူင်းကာလအတွင်း မြန်မာပြည်တွင်း စက်ရုံ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနပေါင်း ၅၆၀၀ ကျော် ပိတ်သိမ်းခဲ့ရပြီး လုပ်သားပေါင်း ၁ သိန်းခွဲကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

အခု ဒုတိယလှိုင်းကာလမှာလည်း အပြီးပိတ်သိမ်းတာ၊ ယာယီပိတ်တာ၊ အလုပ်သမား အင်အားလျှော့ချလာတဲ့ စက်ရုံ စုစုပေါင်း ၁၅၀ ကျော်လောက်ရှိနေပြီး လုပ်သားပေါင်း ၃ သောင်းကျော်လောက် ထပ်မံအလုပ်ပြုတ်လာပါတယ်။

ဒါ့အပြင် လက်ရှိ ကိုဗစ်ဒုတိယလှိုင်းက ပြည်တွင်းအလုပ်အခွင့်အလမ်းသစ် ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ထိခိုက်နေတယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း မှတ်ချက်ပြု ပြောဆိုထားပါတယ်။

ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013