မင်းကင်းမြို့နယ် ကျေးရွာ မဲရုံမှူး ၁ ဦးကို ကော်မရှင်ထံ တိုင်ကြား
DVB
·
November 2, 2020

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာက မဲရုံမှာ ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ မလုပ်ဆောင်ဘူးဆိုကာ မဲရုံမှူး ဦးသိန်းကြည်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။
အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးတဲ့နေရာမှာ အခက်အခဲရှိတာကြောင့် မိသားစုဝင်ကို ခေါ်ဆောင်လာခဲ့ပေမယ့် မဲပေးခွင့်မရဘူးလို့ မဲဆန္ဒရှင် ဒေါ်သောင်းစုက ပြောပါတယ်။
“ကျမက မျက်စိမွဲလို့ တူမကို ခေါ်သွားတယ်၊ တူမကို အထည့်မခံဘူး၊ လက်မှတ်ပဲ အထိုးခံတယ်။ မဲလက်မှတ်ကို ဆရာသိန်းကြည်က ယူသွားပြီး သူ့ဟာနဲ့သူ ရိုက်ထည့်တာ။ ပြလည်းမပြဘူး” လို့ ပြောပါတယ်။
မဲရုံမှူးရဲ့ လုပ်ရပ်ဟာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ နဲ့ ငြိစွန်းတာ ကော်မရှင်ကို တိုင်ကြားခဲ့တာလို့ အန်အယ်လ်ဒီ ဥပဒေအထောက်ကူပြုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်က ပြောပါတယ်။
“မဲရုံမှူးရဲ့ ဆောင်ရွက်ချက်တွေကို ကျနော်တို့ပြည်သူတွေက မကျေနပ်ဘူးပေါ့ဗျာ။ မဲဆန္ဒပေးမယ့် သက်ကြီးရွယ်အိုတွေက မျက်စိမှုန်တဲ့သူတွေလည်း ပါတယ်။ လက်တုန်တဲ့သူတွေလည်း ပါတယ်။ အဲလိုကြောင့် သူတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ မိသားစုဝင်တွေ ခေါ်လာတဲ့အခါ မဲရုံမှူးက တခြားသူတွေ မဝင်နဲ့ဆိုပြီး သူကိုယ်တိုင် တံဆိပ်တုံးထုတယ်။ ဒီဆန္ဒမဲလက်မှတ်ကို ပြန်ပြခြင်း ပြုခြင်းလည်း မရှိဘူးပေါ့။ အဲဒါမျိုး ကျူးလွန်တယ်ပေါ့။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ နဲ့ ငြိစွန်းတာပေါ့။ ကျနော်တို့ကော်မတီကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် တာဝန်အရ ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် ညတွင်းချင်းပဲ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားခဲ့ခြင်းဖြစ်တယ်။”
တိုင်ကြားခံရတာနဲ့ပတ်သက်ပြီး အမှတ်-၃ မဲရုံးမှူး ဦးသိန်းကြည်က “ကျနော်တို့အုပ်စုထဲမှာ ပါတဲ့ အဘိုးကြီးတစ်ယောက်က ရွာထဲက တူတော်တယ်ဆိုတဲ့သူ ခေါ်လာတယ်ဗျ။ အဲဒီလို ခေါ်လာတော့ ကျနော်တို့ မဲရုံရဲ့ စည်းကမ်းထဲမှာလည်း သားသမီး မြေးမြစ် အရင်းချာဆိုလို့ရှိရင် လိုက်ခွင့်ရှိတာပေါ့။ အဲဒီမှာ သူကနေပြီးမှ အဲဒီအဘိုးကြီးကို အနားထားပြီးမှ သူကိုယ်တိုင် ဆန္ဒပြုမယ့်ဆဲဆဲကို ကျနော် တားလိုက်တယ်ဗျ။ ဦးကြီးက မျက်စိမှုန်တယ်ပေါ့။ မျက်စိမှုန်ရင် ကျနော် သေချာကြည့်ပေးမယ်၊ သေချာရွေးဆိုပြီး ကျနော်ကနေ သူ့စိတ်တိုင်းကျ ရိုက်ပေးလိုက်တာ” လို့ ပြောပါတယ်။
အမှတ်-၃ မဲရုံမှူးဟာ အခြားမဲရုံ ၂ ခုမှာလည်း အဲဒီလိုမျိုး အပြုအမူတွေ လုပ်တာတွေ ရှိတယ်လို့ မဲရုံ-၃ မှာတာဝန်ကျတဲ့ ပါတီကိုယ်စားလှယ် တဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်းက “ခရိုင်က မသိသေးတဲ့အတွက် ဥပဒေအရ ဆောင်ရွက်ပေးပါရန်တင်ပြလာခြင်းနဲ့ပတ်သက်လို့ ညွန်ကြားပေးပါရန် ခရိုင်ကို တင်ပြထားပြီးဖြစ်ပါတယ်။ ဒီအတွင်းမှာတော့ တစုံတရာ ဘာမှ ညွှန်ကြားမှုလည်း မရှိသေးဘူး။ ရဲအရေးပိုင်တယ်ဆိုပေမယ့် ရဲကိုလည်း အမှုဖွင့်ထားတာ မရှိသေးတော့ ဒီမဲရုံမှူးတွေဟာ သူတို့ရဲ့လုပ်ငန်းတာဝန်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်နေဆဲ ဖြစ်တာပေါ့” လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၆၄ ရုံ၊ မဲပေးနိုင်တဲ့သူပေါင်း ၈၇,၄၀၃ ဦးရှိပြီး အသက် ၆၀ နဲ့အထက်က ၁၁,၆၇၁ ဦး ရှိပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းအရ မဲရုံးမှူးကို တာဝန်ကနေ ယာယီရပ်စဲလိုက်တယ်လို့ သိရပါတယ်။