DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် မဲရုံတခုတွင် UEC အမှတ်အသားမပါ တံဆိပ်တုံးအတုများ စစ်ဆေးတွေ့ရှိ
DVB
·
November 2, 2020
ပေါင်မြို့နယ် မဲရုံတခုတွင် UEC အမှတ်အသားမပါ တံဆိပ်တုံးအတုများ စစ်ဆေးတွေ့ရှိ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာမှာ နို၀င်ဘာ ၁ ရက်နေ့က အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးရာမှာ UEC အမှတ်အသားမပါတဲ့ တံဆိပ်တုံးအတုတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပေါင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မိကွန်ချမ်းက ပြောပါတယ်။

ကြိုတင်မဲကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်ကောက်ခံခဲ့တာဖြစ်ပြီး နို၀င်ဘာ ၁ ရက်နေ့ မနက်ပိုင်း မဲဆန္ဒရှင် ၃ ဦး ဆန္ဒမဲပေးပြီးချိန်မှာ မဲတံဆိပ်တုံးက UEC အမှတ် တံဆိပ် မပါရှိတာကို မဲရုံ၀န်ထမ်းကတဆင့် စိစစ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒေါ်မိကွန်ချမ်းက “မဲရုံမှာတာ၀န်ကျနေတဲ့ဆရာမတွေက တံဆိပ်တုံးက မတူလို့ဆိုပြီး မဲရုံမှူးကို ပြောတယ်လို့ ပြောပါတယ်။ အဲဒီမဲရုံမှာက မဲပေးတဲ့အခန်း ၂ ခန်းရှိတယ်။ တခန်းက UEC တံဆပ်ပါတဲ့ တံဆိပ်တုံးနဲ့ နောက်တခန်းက UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးပါ။ ဒါနဲ့ မြို့နယ်ကော်မရှင်ကို အကြောင်းကြားတော့ ကော်မရှင်ကလည်း အဲဒီတံဆိပ်တုံးတွေကို ပြန်သိမ်းထားပြီး အသစ်တခုလဲပြီး ထုခိုင်းပါလို့ ပြောပါတယ်။ ကျမတို့ ကိုယ်စားလှယ်လောင်းတွေ ဆိုတာက မဲပေးတဲ့ အခန်းထဲထိ ၀င်ရောက်လို့မရသလို ကြည့်ရှုခွင့်လည်း မရှိပါဘူး။ ဒါကို သိတာဆိုလို့ မဲရုံတာ၀န်ယူထားတဲ့ ၀န်ထမ်းတွေဆီကတဆင့် သိရတာပါ” လို့ ပြောပါတယ်။

ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာကို ပို့ဆောင်ခဲ့တဲ့ မဲလက်မှတ် တံဆိပ်တုံးတွေ UEC အမှတ်အသား မပါရှိမှုအတွက် မြို့နယ်ကော်မရှင်အဖွဲ့က သွားရောက် စိစစ်နေပြီး ပါတီစုံစေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေနဲ့ သဘောတူညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ပေါင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ပြောပါတယ်။

UEC အနေနဲ့ အများကြီး သတိထားသင့်ကြောင်း၊ ဖြစ်လာမှရှင်းတာထက် မဖြစ်ခင်ကတည်းက ကြိုပြီးသေချာဂရုစိုက်ဖို့ လိုပါတယ်လို့ ဒေါ်မိကွန်ချမ်းက ပြောပါတယ်။

ပေါင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက မဲရုံပေါင်း ၉၄ ရုံ၊ ဆန္ဒမဲပေးသူ ၁ သိန်း ၇ သောင်းကျော် ရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲရုံပေါင်း ၉၈ ရုံ၊ ဆန္ဒမဲပေးနိုင်သူ ၂ သိန်း ၁ သောင်းကျော်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013