
တရားမဝင်ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်ဆိုရင် စစ်အာဏာရှင်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားရမယ်လို့ ဒီနေ့ ဇွန် ၁၂ ရက်မှာ အမိန့်ထုတ်ပြန်တယ်လို့ သိရပါတယ်။
နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမဲ့ကိစ္စရပ်တွေ ရှိလာပါက လွှတ်တော်ရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားစာ ပေးပို့ရမှာလို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ဒီနေ့ UEC က ကိုယ်စားလှယ်တွေရော နိုင်ငံရေးပါတီတွေရော အကြောင်းကြားတာ၊ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ တွေ့မယ်ဆိုရင် ဘာကြောင့်တွေ့မယ်၊ ဘာတွေပြောမယ်ဆိုတာ သူတို့ကို အစအဆုံး တင်ပြခိုင်းတာ၊ တင်ပြမှုမရှိရင် ဘယ်လိုအရေးယူမယ် ဆိုတာတော့ စာထဲမှာ မပါဘူး။”
အခုလို စာထုတ်ပြန်တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိ နိုင်ငံအတွင်း ဖြစ်နေတဲ့ ပကတိအရှိတရားကို ပြောဆိုလိုက်မှာကို စစ်အာဏာရှင်သမ္မတက ကြောက်ရွံ့နေတာကြောင့် UEC ဥက္ကဋ္ဌ ကတဆင့် အမိန့်ပေးခိုင်းတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
“သမ္မတဖြစ်နေတဲ့ မင်းအောင်လှိုင်ကိုယ်တိုင် နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မယုံရဲဘူး ဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေက နိုင်ငံခြား သံတမန်အဖွဲ့အစည်းတွေကို နိုင်ငံရဲ့ ပကတိ အရှိတရားကို ပြောလိုက်မှာ ကြောက်တာရယ်၊ စိုးရိမ်တာရယ်ကြောင့် အခုလို စာထုတ်တာ။”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူရှေဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်တယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒီလိုဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒေါ်သက်သက်ခိုင်ကို စစ်အာဏာရှင်တပ်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခဲ့ပါတယ်။










