DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ၌ တပ်မတော်သားများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
October 26, 2020
ရွေးကောက်ပွဲ၌ တပ်မတော်သားများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

ရွေးကောက်ပွဲမှာ တပ်မတော်သားတွေအနေနဲ့ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ကြောင်းနဲ့ တိုင်းပြည်နဲ့ ဒေသအတွက် ကောင်းကျိုးဖော်ဆောင်ပေးနိုင်မယ့်သူတွေကို ရွေးချယ်ကြဖို့    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောပါတယ်။ 

အောက်တိုဘာ ၂၅ ရက်  မွန်းလွဲပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်၊ ဝန်းသိုမြို့ရှိနယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

“မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်စွာဆန္ဒ မဲပေးနိုင်ကြောင်းနှင့် တိုင်းပြည်နှင့် ဒေသအတွက် ကောင်းကျိုးဖော်ဆောင်ပေးနိုင်မည့် သူကို တပ်မတော်သား တစ်ဦးအနေဖြင့် လူ့သဘောသဘာ၀နှင့် ချိန်ထိုးစဉ်းစားပြီး အရွေးမမှားအောင် ရွေးချယ်ကြစေလိုကြောင်း” ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

တပ်မတော်သားတွေအနေနဲ့ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရမှာ ဖြစ်ကြောင်းနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် အမြဲတမ်းလေ့ကျင့်နေဖို့ လိုမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

 “ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့သူဟာ စစ်သားကောင်းဖြစ်တယ်။ ယောင်္ကျား ကောင်းဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ထိ်န်းသိမ်းဖို့ပြောလိုတယ်။  ဗိုလ်လေးတွေ ဆရာကြီးတွေ နောက် ဗိုလ်ကြီးတွေ အရာရှိတွေပါတယ်။ ဗိုလ်မှူးတွေ ပါကြတယ်။ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ကိုယ်စီခေါင်းဆောင်မှုပီသဖို့လိုတယ်။ ကိုယ့်အောက်က လူကို မှန်မှန်ကန်ကန် ခေါင်းဆောင်မှုပြဖို့လိုတယ်။ တို့အနေနဲ့ မြဲသုံးမြဲကနေစပြီးတော့ တပ်မတော်သားအနေနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေ ဖို့လိုတယ်။”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီးလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကိုရော တပ်မတော်က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကိုပါ တိတိကျကျလိုက်နာကြဖို့လည်း တိုက်တွန်းပြောသွားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝန်းသိုမြို့ပြည်သူ့ဆေးရုံအတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်း  Surgical Mask ၅၀၀၀ ခု၊ Face Shield ၁၀၀ ခု၊(PPE)  ဝတ်စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove ၅၀၀ ခုနဲ့  စားသောက်ဖွယ်ရာတွေနဲ့ တပ်မတော်စက်ရုံတွေက ထုတ်လုပ်တဲ့ လူသုံးကုန် ပစ္စည်းတွေကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေအနေနဲ့ ပထမဆုံးအကြိမ် တပ်ပြင်ပရှိ မဲရုံတွေမှာ ပထမဆုံးအကြိမ် ဆန္ဒနဲ့ပေးခွင့်ရထားပြီး မဲဆန္ဒနယ်ပြင်ပမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေလည်း ကြိုတင်မဲပေးခွင့် ရရှိထားပါတယ်။ 

ဓာတ်ပုံ- DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013