DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်ကို ဘက်မလိုက်သည့်အဖွဲ့အစည်းဖြစ်စေရန် SNLD ကြိုးပမ်းမည် 
DVB
·
October 26, 2020
ရွေးကောက်ပွဲကော်မရှင်ကို ဘက်မလိုက်သည့်အဖွဲ့အစည်းဖြစ်စေရန် SNLD ကြိုးပမ်းမည် 
1 / 2
Donate to DVB

ရွေးကောက်ပွဲတွေမှာအဓိက တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဘက်မလိုက်တဲ့ အဖွဲ့တစည်းတရပ်အဖြစ် ပြောင်းလဲပေါ်ပေါက်လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကြေညာပါတယ်။ 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတည်ထောင်ခြင်း ၃၂ နှစ်ပြည့်‌ အခမ်းအနားကို ဒီကနေ့မနက်က အွန်လိုင်းကနေကျင်းပခဲ့ပြီး SNLD ပါတီ ရဲ့ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ်ဖတ်ကြားတဲ့ ပါတီရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

“ရွေးကောက်ပွဲတွေမှာ အဓိက တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ခန့်အပ်ခြင်း၊ဖွဲ့စည်းခြင်း တာဝန်နှင့် လုပ်ပိုင်ခွင့် စသည်တို့၏ အားနည်းချက်များကို အပြုသဘောဝေဖန်သုံးသပ်ပြီး၊ ရွေးကောက်ပွဲများ၏ တရားဝင်မှု၊ လွတ်လပ်မျှတမှုကို အာမခံနိုင်သော ဘက်မလိုက်တဲ့ အဖွဲ့တစည်းတစ်ရပ် အဖြစ် ပြောင်းလဲပေါ်ပေါက်လာရန်  ကြိုးပမ်းသွားမည်” လို့ SNLD ပါတီရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈ (က) အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးရတာဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံး ၅ ဦးကိုလည်း ခန့်အပ်တာဝန်ပေးရတာဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အာဏာရပါတီရဲ့ သမ္မတက ခန့်အပ်တာဖြစ်လို့ ဘက်လိုက်မှုတွေရှိနိုင်တယ်လို့ ဝေဖန်မှုရှိခဲ့တာ ဖြစ်ပြီး ကော်မရှင်အနေနဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်စေဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းတာဝန်ပေးသင့်တယ်လို့ အကြံပြုချက်တွေလည်း ရှိပါတယ်။

ဒီကနေ့ SNLD ပါတီရဲ့ ကြေညာချက်ထဲမှာတော့ ရွေးကောက်ပွဲကော်မရှင်ကို ဘက်မလိုက်တဲ့ အဖွဲ့တစည်းတစ်ရပ်ဖြစ်လာအောင် ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုတော့ ထည့်သွင်း ဖော်ပြထားတာမရှိပါဘူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပါတီတည်ထောင်ခြင်း ၃၂ နှစ်ပြည့်‌ အခမ်းအနားမှာ ပါတီ ဥက္ကဋ္ဌ  ခွန်ထွန်းဦး၊  ဒုဥက္ကဋ္ဌ  စိုင်းညွန့်လွင်နဲ့   SSPP/SSA ဗိုလ်ချုပ်ဆေထင်တို့လည်း အွန်လိုင်းကနေ အခမ်းအနားတက်ရောက်ကာ အမှာစကားပြောကြားတာတွေ့ ရပါတယ်။

SNLD ပါတီအနေနဲ့  မျိုးဆက်သစ်လူငယ်လူလတ်တွေကို တာဝန်တွေပိုမိုပေးအပ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အဓိက မောင်းနှင်အားအဖြစ် လူငယ်တွေနဲ့ လူလတ်တွေကို တာဝန်ပေးအပ်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပါတီတည်ထောင်ခြင်း ၃၂ နှစ်ပြည့် အခမ်းအနားကို ကျိုင်းတုံ၊ မြစ်ကြီးနား၊ လွိုင်ကော်၊ မန္တလေး၊ မူဆယ်၊နမ့်ခမ်း၊လားရှိုးတို့ အပါအဝင် မြို့နယ်ပေါင်း ၃၀ လောက်မှာ တချိန်တည်းမှာ အခမ်းအနားကျင်းပခဲ့တာ တွေ့ရပြီး မြို့နယ်ပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ခွန်ထွန်းဦးကို ပါတီဥက္ကဋ္ဌ တာဝန်ဆက်လက်ထမ်းဆောင်စေလိုကြောင်းနဲ့ ဆုတောင်းမေတ္တာပို့သကြတာ တွေ့ရပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် CNLD ၊ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်ဆောင်ရွက်လှုပ်ရှားရေးအသင်း SWAN၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA  စတဲ့အဖွဲ့တွေကလည်း  သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ စတင်  ထူထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး ဖြစ်ပါတယ်။ ပါတီရဲ့ နိုင်ငံရေးမူဝါဒမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တနည်းအားဖြင့် တန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိ ရေးဖြစ်ပြီးပါတယ်။

 ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယ နေရာအများဆုံးအနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်အပါအဝင် ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံရပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိဘဲ အန်အယ်လ်ဒီနဲ့အတူ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၂ မှာ ပါတီခေါင်းဆောင်တွေ  ပြန်လွတ်လာကာ ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမတ်နေရာ စုစုပေါင်း ၄၇ နေရာ အနိုင်ရခဲ့ပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၃၂ ဦး ပါဝင်ယှဉ်ပြိုင် အရွေးခံဖို့ရှိတယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

သတင်း- နန်းစံပယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013