DVB Logo
Home
မြန်မာသတင်း
လက်ရှိ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်းရှိနေ 
DVB
·
October 21, 2020
လက်ရှိ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်းရှိနေ 
Donate to DVB

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာတွေ့နှုန်းက အကျဘက်ကို ရောက်လာပေမယ့် ကူးစက်မှုနှုန်း မြင့်နေသေးပြီး အစုလိုက်တနေရာတည်းမှာ အများကြီးတွေ့တာမျိုးဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး အမေးအဖြေကဏ္ဍမှာ ကျန်းမာရေးဌာနက အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်၊ လက်ရှိ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးမှာ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ပြောတာပါ။

လက်ရှိအချိန်အထိ ဒီရောဂါပိုးတွေ့ရှိနှုန်းက ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးနှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ တနိုင်ငံလုံးရဲ့ အနေအထားနဲ့ ကြည့်မယ်ဆိုရင် (ပိုးတွေ့ရာခိုင်နှုန်း) ၇၊ ၈၊ ၉၊ ၁၀ ဒီလောက်မှာ ပြေးနေတယ်ဆိုတော့ အရင်ထက်စာရင် Positive Rate က အကျဘက်ကို တဖြည်းဖြည်းနဲ့ ဦးတည်လာနေပြီ။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ၅ ရာခိုင် နှုန်းထက်ကျော်နေသေးတယ်ဆိုရင် ဒါကူးစက်မှုနှုန်း မြင့်နေသေးတယ်လို့ သုံးသပ်ချက်ရှိတဲ့ အတွက်ကြောင့် ပြည်သူလူထုက ကြိုးစားပြီး ဆက်လက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို အားဖြည့်ဆောင်ရွက်ဖို့လိုပါတယ်”

အရင်ကဆိုရင် မြန်မာနိုင်ငံမှာ ပိုးတွေ့ရာခိုင်နှုန်းဟာ ၁၉ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနဲ့ ဒီရက်ပိုင်းတွေမှာ ၁၃ ရာခိုင်နှုန်းလောက် ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ပိုးတွေ့နှုန်းဟာ ၅ ရာခိုင်နှုန်းလောက်မှာ ၂ ပတ်လောက် တန်းနေပြီဆိုရင် ပြည်သူလူထုထဲမှာ ကူးစက်မှုနှုန်းက ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်ပြီး ပြန်လည်ဖြေလျှော့ရမယ့်ကိစ္စတွေ ဖြေလျှော့နိုင်ပြီလို့ သတ်မှတ်ထားတာတွေရှိတဲ့အကြောင်းလည်း သူက ဆိုပါတယ်။

“ကူးစက်ပညာရှင်တွေက ကိန်းဂဏန်းတွေကို ကြည့်တဲ့အခါ ကိန်းဂဏန်းတခုထဲမှာပဲ ဥပမာ - လူနာ ၁၀၀၀ ကျော်တွေထဲမှာပဲ ဆက်တိုက် တန်းလာပြီဆိုရင် ဒါက Flattening the Curve လို့ခေါ်တဲ့ ပိုးတွေ့တာက တန်းလာပြီဆိုရင် Case (လူနာ) အရေအတွက်က များရင် များနေလိမ့်မယ်။ ပိုးတွေ့နှုန်း တန်းနေတာကို ထပ်ပြီးကြိုးစားလိုက်မယ်ဆိုရင် အကျဘက်ကို ရောက်ရှိသွားနိုင်တဲ့ အနေအထားရှိပါတယ်။

ရောဂါပျံ့နှံ့မှုအနေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Transmission Classification လို့ ခေါ်ပါတယ်။ ဒါရောဂါပျံ့နှံ့မှုနဲ့ ဘယ်အဆင့်မှာရှိတယ်ဆိုပြီး မြန်မာနိုင်ငံကို သတ်မှတ်ထားတာက Cluster Case Classification မှာလို့ သတ်မှတ်ထားပါတယ်။ ဒီပြည်သူလူထုထဲမှာ Community Transmission တွေရှိနေပေမယ့် မြန်မာနိုင်ငံက အစုလိုက် ဖြစ်ပွားတဲ့နေရာတွေမှာ ရောဂါဖြစ်ပွားတာတွေ များတယ်။ ဆိုလိုတာက ရပ်ကွက်ထဲမှာ တော်တော်ပြန့်နေတာ မဟုတ်ဘူး။ တနေရာတည်းကနေ ရာချီပြီး ထွက်တဲ့ ဖြစ်စဉ်တွေက များနေတာပေါ့”

ဒါကြောင့် လူစုလူဝေးနဲ့ ဆောင်ရွက်ရတဲ့ စက်ရုံ အလုပ်ရုံတွေ၊ အဆောင်တွေ စသဖြင့် ဈေးတွေ၊ ကုန်စည်ဒိုင်တွေမှာ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကို လူတိုင်းက အသေအချာ စနစ်တကျ ဆောင်ရွက်လိုက်မယ်ဆိုရင် ဒီကူးစက်မှုက လုံးဝကို ကျဆင်းသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါလက္ခဏာမပြသူက ၆၄ ရာခိုင်နှုန်းလောက် ရှိနေပြီး ဒီလူတွေဟာ သူတို့ကိုယ်သူတို့ ကျန်းမာသန်စွမ်းတဲ့သူတွေအနေနဲ့ သတ်မှတ်ပြီး လျှောက်သွားနေတာကြောင့် သူတို့ကနေတဆင့် ကူးစက်မှု‌တွေကလည်း ရှိနေသေးတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းမှာတော့ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်တို့မှာ ဒီရက်အတွင်း ကူးစက်မှုက ကျဆင်းတဲ့ဘက်ကို ရောက်နေပြီး မြောက်ပိုင်းခရိုင်က ကူးစက်မှု နည်းနည်း တက်လာသလို တောင်ပိုင်းခရိုင်ကတော့ နဂိုက ကူးစက်မှုနည်းပြီး အခုနောက်ပိုင်းမှာ နည်းနည်းတက်နေတယ်လို့ ဆိုပါတယ်။

ရောဂါကြောင့် သေဆုံးနှုန်းဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး ဒီထဲက ၉၅ ရာခိုင်နှုန်းလောက်ဟာ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။ ဒီထဲက ၁၈ ရာခိုင်နှုန်းလောက်ဟာလည်း ဆေးရုံကို ခေါ်လာကတည်းက သေဆုံးပြီးဖြစ်နေတာကြောင့် တော်တော်ကိုနောက်ကျပြီးမှ ဆေးရုံကို ရောက်လာတာဖြစ်ပြီး ဒါက အရေးကြီးတယ်လို့ သူက ပြောပါတယ်။

“ဒါကြောင့် ပြည်သူလူထုက အိမ်မှာရောဂါဖြစ်လို့ရှိရင် ကြိတ်ပြီးကုနေမယ့်အစား သက်ဆိုင်ရာ ကိုဗစ် ကော်မတီတွေ၊ မြို့နယ်ကျန်းမာရေးဌာနတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်ပြီး ချက်ချင်းလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကုသမှုခံယူဖို့အတွက် လိုအပ်ပါတယ်။

နောက်တခါ သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါရှိသူတွေ ဖြစ်နေတဲ့အတွက်ကြောင့် အိမ်တိုင်း၊ အိမ်တိုင်းက ဒီလိုမျိုး သက်ကြီးရွယ်အိုတွေနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုရှိတဲ့ မိသားစုတွေက ကိုယ့်မိသားစုမှာ သက်ကြီးရွယ်အိုနဲ့ ရောဂါရှိတဲ့သူတွေ ရောဂါမဖြစ်အောင် တစ်အိမ်ချင်းကနေပြီး တစ်ဦးချင်း၊ မိသားစုဝင် တစ်ယောက်ချင်းက ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သလို ဒီလိုလူတွေမှာ ရောဂါဖြစ်ရင်လည်း အိမ်မှာ ကြိတ်ကုမနေဘဲနဲ့ ချက်ချင်း ကျန်းမာရေးဝန်ထမ်းတွေကို သတင်းပို့ပြီး ဆေးရုံတွေကို ချက်ချင်းသွားရောက်ပြီး ကုသမှုခံယူဖို့ အတွက် စီစဉ်သင့်တယ်”

လူတယောက်ချင်းစီဟာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး တာဝန်တွေ မျှယူကြဖို့လည်း သူက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013