DVB Logo
Home
မြန်မာသတင်း
တရုတ် ၀ယ်လက်ရှိလာသဖြင့် နှမ်းနက်စျေးနှုန်း တစ်ပတ်အတွင်း ၃ သောင်းကျော်အထိ မြင့်တက်
DVB
·
October 17, 2020
တရုတ် ၀ယ်လက်ရှိလာသဖြင့် နှမ်းနက်စျေးနှုန်း တစ်ပတ်အတွင်း ၃ သောင်းကျော်အထိ မြင့်တက်
Donate to DVB

မန္တလေး ပဲဈေးကွက်မှာ နှမ်းနက်ဈေးဟာ တရုတ် ဝယ်လိုအားပြန်ရှိလာတဲ့အတွက် ၂၀၂၀ အတွင်းမှာ ဈေးအမြင့်ဆုံးအထိ ရောက်နေတယ်လို့ မန္တလေးပဲကုန်သည်တွေဆီက သိရပါတယ်။

အောက်တိုဘာလဆန်းပိုင်းလောက်က ဈေးနှုန်း စတင်မြင့်တက်လာခဲ့တာ ဖြစ်ပြီး တလအတွင်းမှာ ၃ တင်း ၁ အိတ်ကို ၃ သောင်းခွဲနဲ့ ၄ သောင်းကြား ဈေးတက်လာတာ ဖြစ်ပါတယ်။

စက်တင်ဘာလဆန်းပိုင်းလောက်က နှမ်းနက် ၃ တင်းဝင် ၁ အိတ်ကို ၁ သိန်း ၈ သောင်းဝန်းကျင် ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အောက်တိုဘာ ၁၇ ရက်နေ့ ဈေးနှုန်း ပေါက်ဈေးအရ ၂ သိန်းကျော်အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

“နှမ်းနက်က စက်တင်ဘာလဆန်းလောက်တုန်းက ဈေးက ၃ တင်း ၁ အိတ်ကို ၁ သိန်း ၈ သောင်းပဲ ရှိတယ်။ ၄၅ ပိသာဝင် ၃ တင်း ၁ အိတ်ကို ၁ သိန်းနဲ့ ၈ သောင်း၊ ၁ သိန်း ၈ သောင်း ခွဲရှိတယ်။ အခု အောက်တိုဘာလလယ်လောက်မှာ  အောက်တိုဘာလ ပထမပတ်လောက် နေပြီးတော့ စတက်လာတာပေါ့လေ။ ဒီနေ့ ပေါက်ဈေးနဲ့ဆိုရင် ၃ တင်း ၁ အိတ်က ၂ သိန်း ၂ သောင်းရှိတယ်။ ၁ အိတ်ကို ၃ သောင်းခွဲ ၄ သောင်းနှုန်းလောက် တက်လာတယ်” လို့ စိုးဝင်းမြင့်ပွဲရုံက ဦးစိုးဝင်းမြင့်က ပြောပါတယ်။

နှမ်းနက်ကို တရုတ်ပြည်ကတင်မကပဲ နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးထိပ်စကို ဂျပန်နိုင်ငံကလည်း ၀ယ်ယူလေ့ရှိပြီး သည်နှစ်မှာတော့ တရုတ်က ပြန်လည်ဝယ်ယူလာတာ ဖြစ်ပါတယ်။

နှမ်းက သီးထပ်စိုက်ပျိုးနိုင်တဲ့သီးနှံ ဖြစ်တာကြောင့် ၁၂ ရာသီ ဒေသအစုံက ထွက်ရှိလေ့ရှိပြီး မြန်မာပြည်အထက်ပိုင်းက သီးနှံတွေက အရည်အသွေးကောင်းတဲ့အတွက် တရုတ်ဝယ်လက်က ပိုမိုကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။

၀င်းဝင်း ပဲမျိုးစုံပွဲရုံက ကိုမိုးက “နှမ်းနဲ့ မြေပဲဆိုတာက မြန်မာတနိုင်ငံလုံးမှာ ၁၂ ရာသီ  ဒေသအစုံကထွက်တာ အခုအချိန်က မြန်မာပြည်အထက်ပိုင်းက ထွက်တဲ့အချိန် ကွာလတီကောင်းတဲ့ အသစ်တွေ ထွက်လာတဲ့အချိန်မှာ တရုတ်တွေက ဒိုင်ပိတ်ထားတော့ ၀ယ်လိုအားပြန်တက်လာတဲ့အတွက် ဈေးပြန်တက်လာတယ်လို့ ဖြစ်လာတယ်။ နှမ်းကတော့ အခုပေါ်ခါစလေးပဲ ရှိသေးတယ်။ နှမ်းက ၃ တင်း ၁ အိတ်ကို ၁ သိန်း ၅ သောင်းကနေ ၂ သိန်းအထိ ‌ယေဘုဘျ ပြောရမယ်” လို့ ပြောပါတယ်။

အခုနှစ်အတွင်း နှမ်းနက် ဈေးနှုန်းအမြင့်ဆုံး မြင့်တက်နေပေမယ့် ပြီးခဲ့တဲ့နှစ်က ကာလတူအချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် မနှစ်က ဈေးနှုန်းကို မမီသေးဘူးလို့ နှမ်းကုန်သည်တွေက ဆိုကြပါတယ်။ မနှစ်က ကာလတူအချိန်က နှမ်း ၃ တင်းဝင် ၁ အိတ်ကို ၂ သိန်း ၆ သောင်း ကျော်အထိ ပေါက်ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - ဝင်းဝင်းပွဲရုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013