DVB Logo
Home
မြန်မာသတင်း
ကိုဗစ်က သွေးအမျိုးအစားပေါ်လိုက်ပြီး ပြင်းထန်ခြင်းမျိုးမဖြစ်နိုင်ဟု ကျန်းမာရေးပညာရှင်များ ပြော
DVB
·
October 17, 2020
ကိုဗစ်က သွေးအမျိုးအစားပေါ်လိုက်ပြီး ပြင်းထန်ခြင်းမျိုးမဖြစ်နိုင်ဟု ကျန်းမာရေးပညာရှင်များ ပြော
Donate to DVB

ကိုဗစ်က သွေးအမျိုးအစားပေါ်လိုက်ပြီး ပြင်းထန်တာမျိုးမဖြစ်နိုင်ဘဲ တချို့မှာတော့ အချိန်တော်တော်ကြာ ကျန်းမာရေးချို့တဲ့သွားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ကိုဗစ်အကြောင်း အမေးအဖြေကဏ္ဍမှာ ပြောတာဖြစ်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာထင်အောင်စောက ကိုဗစ်ဖြစ်တဲ့ လူ ၁၀၀ မှာ ၈၀ က ရောဂါ မပြင်းထန်ဘဲ ၂ ပတ်လောက်နေရင် ဘာဆေးမှ သောက်စရာမလိုဘဲ ကောင်းသွားကြတယ်လို့ ပြောပါတယ်။

“လူ ၁၀၀ မှာ ၁၅ ယောက်လောက်က ရောဂါပြင်းထန်နိုင်တယ်။ လူ ၁၀၀ မှာ ၅ ဦးက သည်းသည်းသန်သန် နေမကောင်းဖြစ်နိုင်တယ်။ တချို့သော ရှားရှားပါးပါးလူတွေမှာဆိုရင် အာရုံကြောထိခိုက်သွားတာ ရှိနိုင်ပါတယ်။ မျက်စိအမြင် ချို့ယွင်းသွားတာတို့၊ အကြားအာရုံ ချို့ယွင်းသွားတာတို့ ဖြစ်ပွားနိုင်တယ်။ ဆီးချိုရောဂါ၊ သွေးချိုရောဂါဖြစ်ပြီး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သုတေသန စာတမ်းတွေအရ ၃ လကြာတဲ့အခါမှာ လူ ၁၀၀ မှာ ၂ ဦးလောက်က ဆက်လက်ပြီး ကျန်းမာရေးပါ ချို့ယွင်းပြီးတော့ ကျန်နေခဲ့တာရှိနိုင်တယ်လို့ ဆိုပါတယ်။ သို့သော် အများစုက ကောင်းသွားတာ ဖြစ်ပါတယ်။” 

အများစုက သူ့ဘာသာ ပြန်ကောင်းတာဖြစ်ပေမယ့် လူနာအာလုံးကို ဆေးရုံတင်ရတာကတော့ တခြားသူတွေ မကူးစက်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။

ကူးစက်ခံ လူနာ ၁၀၀ မှာ ၂၀ လောက်ကတော့ ၁ လကျော်လောက်အထိ ဆက်ပြီး  ချောင်းဆိုးတာ၊ အားအင်ကုန်ခန်းတာ၊ မောပန်းတာနဲ့ ကိုယ်လက်ကိုက်ခဲတာတို့ ဖြစ်နေနိုင်တယ်လို့ ပြောပါတယ်။ တချို့သူတွေမှာ အဆုတ်ပြင်းပြင်းထန်ထန်ရောင်တာကြောင့် အဆုတ်ရောင်ပြီးတဲ့အခါ ဒဏ်ရာကျန်ခဲ့တတ်တယ်လို့ ပြောပါတယ်။

ပါမောက္ခဒေါက်တာထင်အောင်စောက “လွန်ခဲ့တဲ့ ၄၊ ၅ လ လောက်တုန်းက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာတော့ဖြင့် သွေးအုပ်စု “အေ” အမျိုးအစားက ပိုဖြစ်နိုင်တယ်၊ ပိုပြင်းထန်နိုင်တယ်လို့၊ “အို” က ပိုသက်သာနိုင်မယ်လို့ သုတေသနပြုခဲ့ပါတယ်။ အခု မဟုတ်တော့ဘူးလို့ တွေ့ရှိရပါတယ်။ သို့သော်လည်း ကိုယ်ခံအားကျတဲ့သူတွေမှာ အထူးသဖြင့် ကင်ဆာရောဂါဖြစ်တဲ့သူတွေ၊ ကင်ဆာဆေးသုံးစွဲ နေရတဲ့သူတွေ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ ကျောက်ကပ်တို့၊ အသည်းအစားထိုးထားတဲ့သူတွေဆိုရင် ကိုယ်ခံအားကျနိုင်ပါတယ်။ အဲဒီလို လူမျိုးတွေမှာတော့ဖြင့် ရောဂါပိုးတွေ ပိုပြီးပြင်းထန်နိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်” လို့ ပြောပါတယ်။

ဗိုင်းရပ်စ်ပိုးတွေဟာ ဗီဇပြောင်းလဲတတ်ပြီး ပြင်းထန်တာ လျော့သွားနိုင်သလို ပိုဆိုးလာတာလည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အခု ကိုဗစ် ဒုတိယလှိုင်းမှာတော့ လူနာတွေကို ပိုးရှိ၊ မရှိ နောက်တကြိမ် စစ်တာမလုပ်ဘဲ သတ်မှတ်ရက်ပြည့်ရင် ဆင်းခွင့်ပေးနေပြီး ဒါဟာလည်း နောက်လူတွေကို မကူးနိုင်တော့တာ သေချာလို့ ဖြစ်တယ်လို့ ဖောင်ကြီး ကိုဗစ်ကုသရေးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။

“ကိုယ်ကနေ အခြားသူတွေကို လုံးဝကူးစက်မှု မဖြစ်နိုင်တော့တဲ့အတွက် ရောဂါလက္ခဏာ မရှိတဲ့လူတွေ၊ စိတ်ချရတဲ့လူတွေကိုပဲ ဆင်းပေးတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိုးရိမ်ပူပန်မှုမရှိဖို့ သေချာမှာလိုက်ပါတယ်။ သူတို့စိုးရိမ်မှာစိုးလို့ မိမိတို့ အိမ်ရောက်ရင်လည်း တပတ်လောက် မိသားစုနဲ့ ခွဲနေ၊ သီးသန့်အခန်းလေးထဲမှာနေ၊ တပတ်နေမှ မိသားစုနဲ့ ပြန်နေလို့ရပါတယ်လို့ သေချာမှာလိုက်ပါတယ်။”

တကယ်လို့ ကိုယ့်ဘာသာစစ်ကြည့်လို့ ပေါ့စတစ်တွေ့ရင်တောင်မှ တခြားသူဆီကို မကူးနိုင်တော့ဘူးဆိုတာ ယုံကြည် စိတ်ချစေလိုတယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013