DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကုသရေးဆေးရုံနှင့် စင်တာ ၂၀ ရှိ၊ တရက်ကို လူနာ ၁,၀၀၀‌ ကျော် လက်ခံပေးနိုင်
DVB
·
October 17, 2020
ကိုဗစ်-၁၉ ကုသရေးဆေးရုံနှင့် စင်တာ ၂၀ ရှိ၊ တရက်ကို လူနာ ၁,၀၀၀‌ ကျော် လက်ခံပေးနိုင်
Donate to DVB

လက်ရှိ ရန်ကုန်မှာ ကိုဗစ်-၁၉ ကုသရေး ဆေးရုံနဲ့ စင်တာပေါင်း ၂၀ ရှိပြီး တရက်ကို လူနာ ၁,၀၀၀ ကျော် လက်ခံပေးနေနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာမှာ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်က ကိုဗစ်အကြောင်း အမေးအဖြေကဏ္ဍမှာ ပြောတာဖြစ်ပြီး ဖောင်ကြီးကိုဗစ်ကုသရေးစင်တာက အကြီးဆုံးနဲ့ အများဆုံး ကုသပေးနိုင်တဲ့ ကုသရေးဌာနဖြစ်သလို လက်ရှိမှာ နေ့စဉ်လူနာ ၁,၁၀၀ ကနေ ၁,၂၀၀ ဝန်းကျင် ကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာကိုကိုနိုင်က “လက်ရှိမှာ ဒီအကြီးဆုံး ဆေးရုံကြီး ၅ ခုနဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာ ၁၅ ခု စုစုပေါင်း ၂၀ မှာဆိုရင် ပိုးတွေ့ လူနာပေါင်း၊ ခုတင်ပေါင်းက ၉,၄၆၈ လက်ရှိ ရှိနေတာ ဖြစ်ပါတယ်။ ICU ခုတင်ပေါင်း ၁၄၂ ခု ရှိပါတယ်။ ICU အားလုံးမှာလည်း Ventilator (အသက်ရှူစက်) တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ပစ္စည်းကိရိယာအပြည့်အစုံ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်ပေးနိုင်မှုအနေနဲ့ ဖောင်ကြီးမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ ခုတင် ၁၄၀ တပ်ဆင်ထားပြီး Liquid အောက်ဆီဂျင်ကို အသုံးပြုလျက်ရှိပါတယ်။ Liquid အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်း မထားနိုင်သေးတဲ့ လူနာဆောင်တွေမှာ Oxygen Con-centrator စက်တွေနဲ့ အောက်ဆီဂျင်ပေးနေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆေးရုံတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးတို့ ဖြစ်ပြီး ကိုဗစ်-၁၉ ကုသရေးဌာနတွေကတော့ ဖောင်ကြီး၊ ဒဂုံဆိပ်ကမ်းက ရိုးမ (၁)၊ ရိုးမ (၂)၊ လှိုင် (မြတ်လေး)၊ သုဝဏ္ဏ၊ ဒဂုံတောင်က အောင်မြင့်မိုရ်မှာ (၁)၊ (၂)၊ ရန်ကင်းပညာရေး ကောလိပ်၊ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)၊ သာကေတ Fortune Plaza၊  မရမ်းကုန်း အင်းယားစင်တာ၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဗိုလ်တထောင်)နဲ့ ကမ္ဘာအေးသံဃာ့ဆေးရုံ စတာတွေ ဖြစ်ပါတယ်။

ဖောင်ကြီးက အထူးကြပ်မတ်ကုသဆောင် ICU ၄ ခုမှာ လူနာ စုစုပေါင်း ၃၇ ယောက်အထိ ထားရှိ ကုသပေးနိုင်ပြီး ဆေးရုံနဲ့ ကုသရေးဌာန အားလုံးပေါင်းရင် အောက်ဆီဂျင်ပေးနိုင်တဲ့ ခုတင်ပေါင်း ၁,၀၀၀၊ ကိုဗစ်လူနာတွေ လက်ခံကုသပေးနိုင်တဲ့ ခုတင် ၁၀,၆၁၀ ရှိတယ်လို့ ပြောပါတယ်။

“ပြီးတော့ အခုနောက်ပိုင်းမှာ လူနာအရေအတွက် ထွက်တာရယ်၊ ဆေးရုံဆင်းပေးလိုက်တဲ့ အရေအတွက်ရယ် စုစုပေါင်း လူနာ ၁၀,၀၀၀ ကျော် လက်ခံနိုင်ပြီဖြစ်တဲ့အတွက် တစ်နေ့မှာ ၁,၀၀၀ ကျော်လောက် Positive ထွက်မယ်ဆိုရင်ကို ကျနော်တို့က ၁,၀၀၀ ကျော်လောက် လက်ခံနိုင်တဲ့ အခြေအနေဖြစ်နေတဲ့အတွက် ပုံမှန်လည်ပတ်သွားနိုင်မှာ ဖြစ်ပါတယ်။ 

“နောက်တခု အမေးများတာက Positive မိဘတွေ၊ အဘိုး အဘွားတွေကို လိုက်လံပြုစု စောင့်ရှောက်ချင်တဲ့ အခြေအနေတွေလည်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပါတယ်။ Positive ဖြစ်သွားတဲ့ သားသမီးတွေ၊ ဇနီး ခင်ပွန်းတွေအတွက် ပြုစုစောင့်ရှောက်မယ်ဆိုရင် မိသားစုပေါင်းစည်းရေးနဲ့ ဖောင်ကြီးမှာရှိနေတဲ့ မိဘတွေဆီ၊ သူတို့ရဲ့ ဇနီး ခင်ပွန်းသည်တွေဆီကို ကျနော်တို့က အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုအချိန်ထိ Positive လူနာတွေဆီကို Negative လူနာစောင့်ရှောက်သူတွေ ဆေးရုံထဲမှာလာပြီး ပြုစုစောင့်ရှောက်တာတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုထားတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

လူကြီးတွေကို ပြုစုစောင့်ရှောက်ဖို့ Volunteer တွေ စီစဉ်ထားရှိသလို အတွင်းမှာ ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အထွေထွေလုပ်သားတွေနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သန်သန်မာမာ ကျန်းကျန်းမာမာရှိတဲ့ လူနာတွေကို အကူအညီတောင်းပြီး Care Giver လိုနေတဲ့ လူနာတွေ၊ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်စေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013