DVB Logo
Home
မြန်မာသတင်း
မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ ဈေးနှုန်းများ ၃ နှစ်အတွင်း စံချိန်တင်မြင့်တက်
DVB
·
October 12, 2020
မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ ဈေးနှုန်းများ ၃ နှစ်အတွင်း စံချိန်တင်မြင့်တက်
Donate to DVB

မန္တလေး ပဲဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံ နဲ့ ကုလားပဲတွေကို အိန္ဒိယနိုင်ငံက ၀ယ်ယူနေတဲ့အတွက် သုံးနှစ်အတွင်း စံချိန်တင်မြင့်တက်နေတယ်လို့ မန္တလေး ပဲကုန်သည်တွေဆီက သိရပါတယ်။

ဒီရက်ပိုင်းထဲမှာတော့ မတ်ပဲ သုံးတင်း ၀င်တစ်အိတ်ကို ငွေကျပ် ၁၂၁၀၀၀ဈေးရှိပြီး ကုလားပဲ သုံးတင်းဝင်တစ်အိတ်ကိုကျပ် ၉၅၀၀၀ ဈေးနဲ့ ပဲစင်းငုံ  သုံးတင်း၀င်တစ်အိတ်ကိ ကျပ်  ၈၈၀၀၀ ဈေး အထိရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလဆန်းပိုင်းမှာတုန်းက မတ်ပဲ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၉၅၀၀၀၊ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၇၀၀၀၀ နဲ့ ကုလားပဲ သုံးတင်းဝင်တစ်အိတ်ကိုကျပ် ၇၅၀၀၀ ဈေးတွေမှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံ မတ်ပဲကိုတန်ချိန် တစ်သိန်းခွဲ ၀ယ်ယူမယ်ဆိုပြီးတော့ စာချုပ်ချုပ်လိုက်တဲ့အတွက် ဈေးတက်လာတာဖြစ်တယ်လို့ ကုန်သည်တွေ ဆီက သိရပါတယ်။

မန္တလေးမြို့ က စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က  “ဒီကနေ့ ဈေးကွက်မှာ အိန္ဒိယ ပို့ကုန်တွေဖြစ်တဲ့ မတ်ပဲ ပဲစင်းငုံ၊ ကုလားပဲတွေ ဈေးတက်နေ ပါတယ်။ အိန္ဒိယပို့ကုန်တွေအရ ကျနော်တို့ စက်တင်ဘာလဆန်းလောက်အထိ ဈေးတွေက အေးနေခဲ့တယ်။ ဘယ်လောက်ထိအေးလဲဆိုရင် စက်တင်ဘာလဆန်းဈေးတွေက မတ်ပဲဆိုရင် သုံးတင်းတစ်အိတ်ကို ကိုးသောင်းခွဲ ပဲစင်းငုံ သုံးတင်း တစ်အိတ်ကို ခုနှစ်သောင်း ကုလားပဲ သုံးတင်း တစ်အိတ်ဆိုရင် ခုနှစ်သောင်းခွဲ အထိ ဈေးတွေက အရောင်းအ၀ယ်တွေဖြစ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ အခုဒီရက်ပိုင်းတွေမှာပေါ့လေ စက်တင်ဘာလကုန်ခါနီးလောက်မှာ အိန္ဒိယပြည်ကနေ ပြီးတော့ မတ်ပဲကိုတန်ချိန် တစ်သိန်းခွဲ ၀ယ်ယူမယ်ဆိုပြီးတော့စာချုပ်ချုပ်လိုက်တဲ့အတွက် အခုက အဲ့ဒီ အရိပ်အရောင်ကြောင့် မတ်ပဲဈေးက အခုလိုမျိုးထပြီးတော့ ဈေးတက်လာတာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံက ၀ယ်ယူနေခဲ့တဲ့ပဲတွေကို အ၀ယ်ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ပဲစင်းငုံ  တစ်အိတ်ကို ကျပ် ၃၀,၀၀၀၊ မတ်ပဲ တစ်အိတ်ကို ၄၅,၀၀၀  လောက်အထိပြုတ်ကျလာခဲ့ပြီး ကုလားပဲ အနေနဲ့ကတော့ပြည်တွင်းစားသုံးအားရှိနေတဲ့အတွက် ဈေးကျဆင်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

“ပဲစင်းငုံနဲ့ ကုလားပဲလည်း ထိုနည်းလည်းကောင်းပဲ အိန္ဒိယ၀ယ်ယူမယ့်အစီအစဉ်တွေကို ကုန်သည်တွေက သိရှိနေတဲ့အတွက် ဒါတွေကို ၀ယ်ယူနေပါတယ်။ အဲ့ဒါကြောင့်မို့လို့ အခု သုံးမျိုးစလုံး ဒါ ဈေးတက်နေပါတယ်။ ကျနော်တို့ တချို့ပဲတွေက မြန်မာလူမျိုးတွေမစားဘူး။ အခုဈေးတွေ တက်လာတာက ထူးခြားတယ်ဆိုတာက ကျနော်တို့ ၂၀၁၈ ခုနှစ်ကတည်းက ၃နှစ်အတွင်းကို ထူးထူးခြားခြား အိန္ဒိယ ၀ယ်လိုအား ၀င်လာတဲ့အတွက် ဈေးတွေတက်လာတာဖြစ်တယ်။ ၂၀၁၈ ခုနှစ်ကဆိုရင် ကျနော်တို့ အိန္ဒိနိုင်ငံအနေနဲ့ မ၀ယ်တော့ပဲထားလိုက်တော့ အရောင်းအ၀ယ်တွေ ရပ်ဆိုင်းသွားတဲ့အခါမှာ ဈေးက ဘယ်လောက်ထိ ကျလာသလဲဆိုရင် ပဲစဉ်းငုံဆိုရင် သုံးတင်း တစ်အိတ်ကို သုံးသောင်းလောက်အထိပြုတ်ကျတယ်။ မတ်ပဲ ဆိုရင် သုံးတင်းတစ်အိတ်ကို  လေးသောင်းခွဲအထိကျတယ်။ ကုလားပဲအနေနဲ့ကတော့ ပြောသလောက်မကျဘူးပေါ့လေ”လို့ ဦးစိုးဝင်းမြင့်က ပြောပါတယ်။

၂၀၁၈ ကတည်းက စတင်ပြီး ၀ယ်လိုအား ကျဆင်းလာတဲ့ ပဲတွေဟာ အခုချိန်မှာ အ၀ယ်ပြန်လည် ရရှိလာတဲ့အတွက် ဈေးနှုန်းပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအစိုးရက အခုအောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး ၂၀၂၁ မတ်လ ၃၁ ရက်နေ့အထိ ၆ လ တာကာလအတွင်း မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ဆိပ်ကမ်းအရောက် တင်သွင်းခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - မန္တလေးကုန်စည်ဒိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013