DVB Logo
Home
မြန်မာသတင်း
လူမှုဖူလုံရေးအကျုံးမဝင်လုပ်သားများနှင့် အခြေခံအလုပ်သမားများကို အစိုးရက ကျပ် ၃၀,၀၀၀ ထောက်ပံ့မည် 
DVB
·
October 9, 2020
လူမှုဖူလုံရေးအကျုံးမဝင်လုပ်သားများနှင့် အခြေခံအလုပ်သမားများကို အစိုးရက ကျပ် ၃၀,၀၀၀ ထောက်ပံ့မည် 
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း  လူမှုဖူလုံရေးနဲ့ အကျုံးမဝင်တဲ့ စက်ရုံလုပ်သားတွေကို  နိုင်ငံတော်ကငွေ ကျပ် ၃၀၀၀၀ စီ ထောက်ပံ့ပေးမယ့် အစီအစဉ်မှာ အခြေခံအလုပ်သမားတွေလည်း ပါဝင်မယ်လို့  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့က တာဝန်ရှိသူတွေနဲ့  အောက်တိုဘာ ၈ ရက်က ကျင်းပတဲ့ Video Conference  အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောသွားတာပါ။

ထောက်ပံ့မယ့်အစီအစဉ်အတွက်  နိုင်ငံတော်က ကျပ်ငွေဘီလီယံ ၂၀ ကျော် သုံးစွဲမှာဖြစ်ပြီး  အောက်တိုဘာလအတွင်း ထောက်ပံ့ကြေး ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကလည်း ပြောပါတယ်။

အခြေခံအလုပ်သမားတွေအထဲမှာ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ချ၊ မော်တော်ဆိုင်ကယ်၊ တက္ကစီလုပ်သားတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက "ထောက်ပံ့ပေးမယ့်ပုံစံဟာ စက်မှုဇုန်ရှိတဲ့ မြို့နယ်တွေမှာ စက်မှုဇုန်ကော်မတီက စီစဉ်ပေးမှာ ဖြစ်ပြီး စက်မှုဇုန်မရှိတဲ့ မြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ အလုပ်သမားဦးစီးဌာနတို့က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခြေခံအလုပ်သမားတွေ အနေနဲ့ မိမိတို့ရပိုင်ခွင့်တွေကို သေချာစောင့်ကြည့်ပြီး ကိုယ့်အခွင့်အရေး ကိုယ်ယူကြပါ" လို့ ပြောပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းမှာ အစိုးရအနေနဲ့ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုခဲ့တဲ့ အလုပ်ဌာနပေါင်း ၆၄၂၉ ဌာနရှိပြီး အာမခံအလုပ်သမား ၈၀၀၂၆၀ အတွက် ခွင့်ပြုထုတ်ပေးငွေကျပ် သန်းပေါင်း ၁၉၆၄၀ ဒသမ ၆၃၆ ရှိတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာတော့ Stay at Home အစီအစဉ် အကျုံးဝင်တဲ့ အလုပ်ဌာနတွေရှိ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမှုအဖြစ် အလုပ်ဌာန ၃၁၃ ဌာနနဲ့ အာမခံ အလုပ်သမား ၃၃၈၀၂ ဦးအတွက် ခွင့်ပြုထုတ်ပေးငွေကျပ် ၂၃၆၂ ဒသမ ၇၃၃ သန်းကို အောက်တိုဘာ ၅ ရက်ကစပြီး   ခွင့်ပြုထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမှုဖူလုံရေး မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအနေနဲ့လည်း  ကွာရန်တင်း ဝင်ရောက်နေတဲ့ အလုပ်သမားတွေ၊ ကိုဗစ်-၁၉ Positive လူနာတွေ၊ ဆေးရုံ တက်ရောက်ရသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း ဥပဒေနဲ့အညီ ထောက်ပံ့ကြေး ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအပြင် Stay at home အမိန့်ထုတ်ပြန်ထားတဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ  ၁၁ မြို့နယ်မှ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက်လည်း  ထောက်ပံ့ကြေး ဆက်လက်ခွင့်ပြုထုတ်ပေးသွားဖို့ ရှိနေတယ်လို့ ဆွေးနွေးပွဲကနေ သိရပါတယ်။

သတင်း- Ei Thazin Khine၊ ဓာတ်ပုံ- MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013