DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ CMP စက်ရုံအလုပ်သမားများ၏ လုပ်ခလစာ သွားရောက်ထုတ်ယူခွင့်ပြု
DVB
·
October 8, 2020
ရန်ကုန်ရှိ CMP စက်ရုံအလုပ်သမားများ၏ လုပ်ခလစာ သွားရောက်ထုတ်ယူခွင့်ပြု
Donate to DVB

အလုပ်ဆင်းခွင့်မရတဲ့ ရန်ကုန်ရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ အလုပ်ရုံ   အလုပ်သမားတွေရဲ့ ပြီးခဲ့တဲ့စက်တင်ဘာလအတွက် လုပ်ခလစာကို အောက်တိုဘာ  ၈ ရက်နေ့မှာ သက်ဆိုင်ရာအလုပ်ဌာနတွေကို သွားရောက် ထုတ်ယူခွင့်ပြုလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ခလစာ ထုတ်ယူဖို့ကို ကုန်သည်စက်မှုအသင်းချုပ်အပါအဝင် ရန်ကုန်တိုင်းကျန်းမာရေးဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ဆက်စပ်ဌာနတွေ ပူးပေါင်းညှိနှိုင်းမှုနဲ့ခွင့်ပြုပေးလိုက်တာပါ။

ဒါကြောင့်လုပ်ခလစာထုတ်ယူဖို့အတွက် အောက်တိုဘာ ၈ရက်နေ့မှာ အလုပ်ရုံ ဝန်ထမ်းတွေ နေအိမ်ပြင်ပ သွားလာခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက “ဆိုလိုတာကတော့ဗျာ၊ လူစုလူဝေး ဖြစ်လို့မရဘူး။ သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ထုတ်ယူရမှာ၊ လစာထုတ်ယူဖို့အတွက်ပဲ ဝန်ထမ်းတွေကို အဲဒီနေ့ ထွက်ခွင့်ပေးထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားပျံ့နှံ့မှုနှုန်းမြင့်မားသွားနိုင်တဲ့အတွက် ကုန်ကြမ်းယူ ၊ ကုန် ချောပေး ဆောင်ရွက်နေတဲ့ လက်ခစား (CMP) စက်ရုံအလုပ်ရုံတွေ စက်တင်ဘာ ၂၄ ရက်မှ  အောက်တိုဘာ  ၇ ရက်အထိ  ပိတ်ရာကနေ အခု အောက်တိုဘာ ၂၁ ရက်အထိ  ထပ်မံပိတ်ဖို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၅ရက်နေ့က ထပ်တိုး ကြေညာထားတာပါ။

ဒီလိုထပ်တိုးထုတ်ပြန်လိုက်တဲ့ စက်ရုံ အလုပ်ရုံ ပိတ်ရက်တွေမှာ အလုပ်သမားတွေရဲ့ နေထိုင်စားသောက်ရေး အဆင်ပြေနိုင်အောင် စက်တင်ဘာလ လုပ်ခလစာကို ထုတ်ပေးဖို့ ခွင့်ပြုပေးတာဖြစ်ပါတယ်။

CMP စက်ရုံ အလုပ်သမားတွေကို အောက်တိုဘာ ၂၁ ရက်နေ့အထိ အလုပ်ရပ်နားထားတာ ကြောင့် အလုပ်သမားတွေလစာမရသေးတဲ့အတွက် လုပ်ခလစာနဲ့ပတ်သက်ပြီး အစိုးရက တစုံတရာ ညွှန်ကြားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကနေ အောက်တိုဘာ ၆ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုထားပါတယ်။

အလုပ်ရပ်နားလိုက်တဲ့အတွက် လစာရဖို့ အခက်အခဲဖြစ်နေပြီး စားရေးနဲ့နေရေးမှာ ပြဿနာရှိနေတဲ့အတွက် အလုပ်သမားတွေ ဆက်လက်ပြီး တောင့်ခံနိုင်ဖို့ကို လစာရရှိရေး အမြန်ဆုံး လုပ်ပေးဖို့  အစိုးရကိုတောင်းဆိုထားတာပါ။ 

အလုပ်ပိတ်ပင်ထားတဲ့အတွက် ပုံမှန်လစာထုတ်ရက်ကျော်လွန်ပြီး အခုအထိ လုပ်ခလစာ မရသေးတဲ့ အလုပ်သမားတွေရှိနေတာကြောင့်လည်း လုပ်အားခတွေပေးဖို့  အလုပ်ရှင်တွေကိုပါ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ ကုန်ထုတ်စက်မှု လက်မှု အလုပ်သမားများ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က  "ကိုဗစ်ကြောင့် အများဆုံးထိခိုက်တဲ့အလုပ်သမားတွေက လစာလည်း မရသေး ဝင်ငွေရ စရာလည်း မရှိ ဆန်၊ ဆီ၊ ဆားတွေကလည်း စျေးတက်နေတဲ့အတွက် ဒုက္ခအရမ်းရောက်နေကြတယ်။ ခုချိန်ထိ အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေလည်း ဖြစ်မလာ သေးဘူး။ လစာအတွက်တော့ wave money နဲ့လွှဲပေးနိုင်မလားဆိုပြီး တောင်းဆိုထားပါတယ်။ အစိုးရက တခုခုလုပ်ပေးဖို့ မျှော်လင့်ပြီး တောင်းဆိုစာကို ထုတ်ရတာပါ''လို့ ပြောပါတယ်။

ပေးစရာ ပိုက်ဆံမရှိလို့ အဆောင်ကနေ နှင်ချခံရတဲ့အလုပ်သမားတွေလည်း ရှိနေတာကြောင့် အိမ်ရှင်တွေနဲ့ အဆောင်ရှင်တွေ အနေနဲ့လည်း လခတွေ ထပ်မံဆိုင်းငံ့ပေးဖို့လည်း  အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။

အလုပ်သမားတွေ အဆောင်က နှင်ချခံရရင် လမ်းပေါ်ထွက်ထိုင်မနေကြဘဲ အလုပ်သမား သမဂ္ဂကို သတင်းပို့အကူအညီတောင်းခံနိုင်တယ်လို့ ဒေါ်ခိုင်ဇာအောင်က  ပြောပါတယ်။

လက်ရှိမှာ အလုပ်ပိတ်ထားတဲ့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး ထောက်ပံ့ကြေး ပေးဖို့ အစိုးရကစီစဉ်နေပြီး လူမှုဖူလုံရေးအစီအစဉ်မှာ  အကျုံးမဝင်တဲ့ အလုပ်သမားတွေကိုပါ ထောက်ပံ့ငွေပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သတင်း - စိုးချစ်ချစ်ပိုင်/ နွေလှိုင်း (YU)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013