DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်က ဧရာဝတီ ကိုဗစ်စင်တာသို့ ငွေကျပ် ၁၀ သိန်းလှူဒါန်း
DVB
·
October 7, 2020
နီနီခင်ဇော်က ဧရာဝတီ ကိုဗစ်စင်တာသို့ ငွေကျပ် ၁၀ သိန်းလှူဒါန်း
Donate to DVB

       အဆိုတော် နီနီခင်ဇော်က ဧရာဝတီဖောင်ဒေးရှင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာကို ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့ပါတယ်။

       ဒီလှူဒါန်းမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် အောက်တိုဘာလ ၆ ရက်နေ့က ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

       “နီနီအစ်ကို ​မွေး​နေ့အမှတ်တရ မိသားစုနဲ့ ပရိသတ်တွေအလှူအဖြစ် ဧရာဝတီ ဖောင်ဒေးရှင်း Quarantine Center အတွက် အလှူ​ငွေကျပ် ၁၀ သိန်း သွား​ရောက်လှူ ဒါန်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ​ကပ်ဆိုးကာလမှာ ပြည်သူ​တွေအတွက် ​​ဆောင်ရွက်​ပေး​နေတဲ့ ကျန်းမာ​ရေးဝန်ထမ်းများ၊ အသင်းအဖွဲ့ Volunteers များ အားလုံးကို ​ကျေးဇူးတင်​လေး စားလျှက်… တဖက်တလမ်းမှပါဝင်ခွင့်ရ​​တဲ့အတွက် ပရိသတ်များနှင့်အတူ ဝမ်းသာပါ တယ်။ နီနီတို့လို လှူဒါန်းချင်သူအ​နေနဲ့ https://m.facebook.com/548301828529159 ဧရာဝတီဖောင်ဒေးရှင်း ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အားလုံး ​ရောဂါကပ်​ဘေးမှ အမြန်ဆုံး ကင်း​ဝေးနိုင်ပါ​စေ”

       ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ရန်ကုန်တိုင်း အတွင်း ပိုးတွေ့လူနာတွေများလာတဲ့အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သုဝဏ္ဏ မြက်ခင်းတုကွင်းမှာ ကိုဗစ်ယာယီကုသရေးဌာနကို တည်ဆောက်ပေးခဲ့ပြီး  လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေအပါအဝင် ကုသမှုခံယူမယ့် လူနာတွေနဲ့ ကုသရေး တာဝန်ရှိသူတွေရဲ့ နေထိုင်စားသောက်ရေးစတာတွေကို ဖောင်ဒေးရှင်းက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ရွက်ဖျင်တဲတွေနဲ့ ကုသဆောင် ၄ ဆောင်၊ အထူးကြပ်မတ်ကုသခန်း (ICU) ၄ ခန်းနဲ့ စတင်ခဲ့ပြီး အခုလက်ရှိမှာ လူနာ ၅၇၀ အထိ လက်ခံကုသနိုင်ပြီ ဖြစ်ပါတယ်။

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆို ပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်း ပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီး လူသိများလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တစုံ တရာ သီချင်းဟာ လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေအများကြီး ချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ဂီတဘက်မှာသာမက သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့ နီနီခင်ဇော်ဟာ “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သရုပ်ဆောင် နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

နောက်ပြီး ကိုယ်တိုင်ထုတ် Super Red အလှကုန်တွေကိုလည်း အောင်အောင် မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Pride Award ဆုကိုလည်း ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကတော့ သူ့ရဲ့ အသက် ၂၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ “Hope”အမည်ရတဲ့ သီချင်းတပုဒ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

    နီနီခင်ဇော်ဟာ လက်ရှိထုတ်လွှင့်နေတဲ့ The Voice Myanmar Season 3 မှာ ဒိုင် တယောက်အနေနဲ့လည်း ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013