နီနီခင်ဇော် Cover သီဆိုထားသည့် “မင်းမရှိတဲ့နောက်”(ရုပ်သံ)
DVB
·
October 1, 2020

“မေ့မရပြီ စိတ်မှာစွဲ… ညခင်း ဆည်းဆာလေးပါပဲ… မင်း လမ်းခွဲသွားတယ်… နှုတ်ခမ်းဖျားမှာ တောက်ပတဲ့အပြုံးနဲ့… ဘာ့ကြောင့်မျက်လုံးများ ငိုကြလဲ… နှလုံးသား တွေ ကွဲကြေပြီ… မပြောလည်း သိတယ်”
ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီးတေးသံ ရှင် ထူးအိမ်သင်ရဲ့ “မင်းမရှိတဲ့နောက်”သီချင်းထဲက တေးသွားစာသားတွေမှန်းသိကြပြီး ဖြစ်မှာပါ။
ခုတခါမှာတော့ ဒီသီချင်းကို ဒီနေ့ခေတ်ရဲ့ အမျိုးသမီးအဆိုတော် နီနီခင်ဇော်က Cover သီချင်းတပုဒ်အနေနဲ့ ပြန်လည်သီဆိုထားခဲ့တာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။
ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆို ပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါ တယ်။
တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။
အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။
တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်း ပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာ လည်း သူ့ကို နာမည်ကြီး လူသိများလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တစုံ တရာ သီချင်းဟာ လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီး ချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။
ဂီတဘက်မှာသာမက သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့ နီနီခင်ဇော်ဟာ “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သရုပ်ဆောင် နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
နောက်ပြီး ကိုယ်တိုင်ထုတ် Super Red အလှကုန်တွေကိုလည်း အောင်အောင် မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Pride Award ဆုကိုလည်း ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။
သိပ်မကြာခင်ကတော့ သူ့ရဲ့ အသက် ၂၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ “Hope”အမည်ရတဲ့ သီချင်းတပုဒ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။
နီနီခင်ဇော်ဟာ လက်ရှိထုတ်လွှင့်နေတဲ့ The Voice Myanmar Season 3 မှာ ဒိုင် တယောက်အနေနဲ့လည်း ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
“မနက်ခင်းလေးမှာ နိုးလာခဲ့… အရင်ဆုံး မင်းကို လွမ်းပါတယ်… အား… ဝမ်း နည်းမိတယ်… ငါ့စိတ်တွေ ထိန်းမရတော့ဘူးကွယ်… အတွေးထဲမှာ နှိပ်စက်တာ မင်းပဲ… အိပ်မက်သာဖြစ်မယ်ဆို ဘယ်လောက် ကောင်းလိမ့်မလဲ… အို… တယောက်တည်း… မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်… မနေ့က ငါသေဆုံးသွားခဲ့… မင်းမရှိရင် အ သက်မရှင်ချင်ဘူး အချစ်ရယ်… မနေ့က ငါသေဆုံးသွားခဲ့… ရှှင်သန်ခြင်းရဲ့ အဓိပ္ပာယ်… ဘယ်မှာ လိုက်လို့ရှာမယ်… ကြင်နာသူမင်းမရှိတဲ့ နောက်မှာ”
ခုတခါမှာတော့ ထူးအိမ်သင်ရဲ့ ဒီသီချင်းကို နီနီခင်ဇော်က သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ဘယ်လိုသီဆိုထားမလဲဆိုတာကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။