
ရန်ကုန်တိုင်းထဲက မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနအသီးသီးက ဝန်ထမ်း ၃၉ ယောက် ကိုဗစ် -၁၉ ရောဂါပိုးကူး စက်ခံရတယ်လို့ စည်ပင်တာဝန်ရှိသူက ပြောပါတယ်။
ပိုးကူးစက်ခံရတဲ့သူ အရေအတွက်ဟာ အောက်တိုဘာ ၃ ရက်နေ့အထိ စာရင်းဖြစ်ပြီး လက်ရှိမှာ သူတို့တွေ အားလုံးအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို သက်ဆိုင်ရာဌာနအလိုက် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
မြို့တော်စည်ပင်သာယာဝန်ထမ်းတွေထဲ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပေမယ့် ဌာနဆိုင်ရာလုပ်ငန်းတွေကို မရပ်နားဘဲ နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်နဲ့ လည်ပတ်နေပါတယ်။
ဒါ့ပြင် ပိုးကူးစက်ခံရတဲ့သူတွေနဲ့ ထိတွေဆက်စပ်သူ ၅၉ ယောက်ကို သက်ဆိုင်ရာမြို့နယ် Quarantine စင်တာတွေမှာ ထားရှိထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲ ကြည့်မြင်တိုင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ပါဝင်ခဲ့တာကြောင့် သူနဲ့ ထိတွေခဲ့သူ စည်ပင်ဝန်ထမ်း ၁၇ ယောက်ကို စည်ပင်သာယာဌာနရုံးမှာ Quarantine စင်တာ ဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ပါတယ်။
ဒီထဲက စည်ပင်ဝန်ထမ်း ၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတာကြောင့် ရိုးမရိပ်သာ စင်တာမှာ ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာမှာ အမြဲတမ်းဝန်ထမ်း ၁၈၀၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ နေ့စားသန့်ရှင်းရေး ဝန်ထမ်းစာရင်းတော့ မပါဝင်ပါဘူး။
လက်ရှိမှာ ရန်ကုန်မြို့တော်သန့်ရှင်းရေးအတွက် အဓိကဆောင်ရွက်ပေးနေတဲ့ သန့်ရှင်းရေးဝန်ထမ်း၊ ရေသန့်ဝန်ထမ်းတွေနဲ့ အမြဲတမ်းလုပ်ငန်းလည်ပတ်အောင် ဆောင်ရွက်ထားပါတယ်။
နန့်ခိုင်










