DVB Logo
Home
မြန်မာသတင်း
အပြောင်းအလဲမြန်သည့် အမိန့်များကြောင့် အသားငါး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်
DVB
·
October 3, 2020
အပြောင်းအလဲမြန်သည့် အမိန့်များကြောင့် အသားငါး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်
Donate to DVB

တိုင်းအစိုးရတွေရဲ့ အပြောင်းအလဲမြန်တဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် မွေးမြူရေး၊ အစာထုတ်လုပ်မှုနဲ့အသားကဏ္ဍတွေရဲ့ သယ်ယူပို့ဆောင်ရေးတွေ အခက်အခဲ အများကြီး တွေ့နေရတယ်လို့   မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က သိရပါတယ်။ 

သားငါးထုတ်လုပ်မှုနဲ့ဆက်စပ်နေတဲ့ မွေးမြူရေးအစာထုတ်လုပ်တာနဲ့ မွေးမြူရေး ကုန်ကြမ်းတွေ၊ ဆေးဝါးတွေနဲ့ ပစ္စည်းကိရိယာတွေ ထုတ်လုပ်ခွင့်နဲ့ ရွှေ့ပြောင်းသယ်ယူခွင့်ကို  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက မတ် ၂၃ ရက်ကတည်းက ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က “ခက်တာက အမိန့်ညွှန်ကြားချက်တွေက တကယ်သယ်ယူပို့ဆောင်တဲ့အခါမှာတော့ တော်တော်လေး အခက်အခဲတွေ့တယ်။ အဓိကဆိုရင် ရန်ကုန်နဲ့ဧရာဝတီတိုင်းကို ဝင်ထွက်တဲ့အခါ၊ ပဲခူးတိုင်းကို ဝင်ထွက်တဲ့အခါမှာ ဒီလိုအခက်အခဲတွေ တော်တော်များများ တွေ့ရတယ်။ ထောက်ခံစာတွေ အများကြီး လုပ်နေရတဲ့ဟာမျိုးတွေပေါ့နော်။ အဲဒီလို နေ့စဉ်တိုင်း ပြောင်းလဲသွားတဲ့ အမိန့်ညွှန်ကြားချက်တွေကိုပါ လိုက်ပါလုပ်ကြတဲ့အခါမှာ ဒီလို အခက်အခဲတွေရှိတာပါ။”

လတ်တလောမှာ တချို့တိုင်းနဲ့ပြည်နယ်တွေရဲ့ မြို့အဝင်အထွက် ဂိတ်တွေမှာ ကုန်တင်ယာဉ်တွေကို စစ်ဆေးတာ၊ ဖြတ်သန်းသွားလာခွင့်မပြုတာ၊ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေ လဲလှယ်မောင်းနှင်စေတာတွေကြောင့် ယာဉ်တွေအကြာကြီး ရပ်တန့်ထားရပါတယ်။

ဒါကြောင့် ကုန်စည်စီးဆင်းတာ ပြတ်တောက်သွားနိုင်တဲ့ အခြေအနေဖြစ်ပေါ်တာကို စိစစ်တွေ့ရှိရပြီး ကျန်းမာရေးထောက်ခံချက်နဲ့ ဖြတ်သန်းသွား လာခွင့်ပြုဖို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက စက်တင်ဘာ ၂၀ ရက်မှာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေကို ထပ်မံညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ကော်မတီက ညွှန်ကြားထားတဲ့ စံသတ်မှတ်ချက်အတိုင်း ကျန်းမာရေးထောက်ခံချက်နဲ့ ဖြတ်သန်းသွားလာတာကို  အောက်တိုဘာ ၁ ရက်က စတင်ဆောင်ရွက်ရမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

အရင်ကလို ယာဉ်မောင်း၊ ယာဉ်နောက်လိုက် လဲစရာမလိုဘဲ ကိုဗစ်-၁၉  ရောဂါပိုး ကင်းရှင်း ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂ ပတ်အတွင်း ထုတ်ပေးထားတဲ့ ထောက်ခံချက် (လိုင်စင်ဓာတ်ပုံ) ပါရှိမှပဲ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကျန်းမာရေးထောက်ခံချက်ကို ဘယ်လို ရယူရမယ် ဆိုတာ မသိရတာကြောင့် အခက်အခဲတွေ ရှိတယ်လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောပါတယ်။

“လက်ရှိ ပြောင်းလဲလာတဲ့ အမိန့်ညွှန်ကြားချက်တွေအပေါ်မှာ ကျနော်တို့က တခါတလေ လုပ်ရတာ ခက်သွားတာပေါ့။ အခုပြီးခဲ့တဲ့ရက်က ထုတ်တဲ့ညွှန်ကြားချက်ဆိုရင်လည်း ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ၂ ပတ်အတွင်း ထုတ်ပေးထားတဲ့ ထောက်ခံချက် လက်မှတ်ပါရမယ်ဆိုတော့ တကယ်တမ်း အောက်ခြေမှာက ခရိုင်ကို သွားထုတ်ရမှာလား။ မြို့နယ်ကို သွားထုတ်ရမှာလား။ တိုင်းကို သွားထုတ်ရမှာလား။ အဲဒီရဲ့အသေးစိတ်တွေ မပါတဲ့အခါကျတော့ ကုန်တင်ပို့တဲ့ လူငယ်တွေ အပေါ် တော်တော်လေး ခက်ခဲသွားတာပေါ့နော်။” လို့ ပြောပါတယ်။

အမိန့်ထုတ်ပြန်မယ်ဆိုရင် အသေးစိတ် စီစဉ်ထားပြီး ရိုးရှင်းလွယ်ကူတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန်စေချင်ပြီး ဒီလိုမဟုတ်ရင် ဂိတ်တွေမှာ စုပြုံပြီးတော့ဖြစ်နေတာမျိုး၊ ကုန်ပစ္စည်းတွေက တနေရာနဲ့ တနေရာ မရောက်တဲ့အခါ ကုန်ဈေးနှုန်းကအစ အခက်အခဲတွေ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့  ၂ ပတ်အတွင်း ထောက်ခံပေးထားတဲ့ ထောက်ခံချက် လက်မှတ်ကို ဘယ်ကိုသွားယူရမယ်၊ ဘယ်လောက်ကြာမယ် ဆိုတာတွေကို တိတိ ကျကျ ထုတ်ပြန်ထားခြင်း မရှိတာကြောင့် နေ့စဉ် ပို့ဆောင်မှဖြစ်မယ့် အသားနဲ့ ကြက်ဥတွေအတွက် ၁ ရက်လောက် စောင့်ဆိုင်းရမယ်ဆိုရင်တောင် အခက်အခဲတွေ ရှိတယ်လို့ သိရပါတယ်။

ခင်ပြည့်စုံဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013