Homeမြန်မာသတင်း
ရွှေကူမြို့နယ် ရေဘေးသင့်အိမ်ထောင်စု ၃၅ စုကို ကျန်းမာရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်
ရွှေကူမြို့နယ် ရေဘေးသင့်အိမ်ထောင်စု ၃၅ စုကို ကျန်းမာရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်
DVB
·
October 3, 2020

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့မှာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီ ပြောင်းရွှေ့ထားတဲ့ ရေဘေးသင့်အိမ်ထောင်စုတွေကို အောက်တိုဘာ ၁ ရက်နေ့က မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကျန်းမာရေးပစ္စည်းနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ထားရတဲ့ ရွှေကူမြို့နယ်ထဲက ရေဘေးသင့်အိမ်ထောင်စု ၃၅ စုရှိ လူဦးရေ ၁၅၅ ဦးအတွက် နှာခေါင်းစည်း၊ Mask၊ ဆပ်ပြာ စတဲ့ကျန်းမာရေးပစ္စည်းတွေ အပါအဝင် တစ်ဦးကို ဆန်ရိက္ခာဖိုးငွေ ၂,၁၀၀ ကျပ်နှုန်းနဲ့ လူဦးရေ ၁၅၅ ဦးအတွက် ငွေ ၃၂၅,၅၀၀ ကျပ် ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။
ရွှေကူမြို့မှာ စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် ၄ ခုစလုံးကို ရေဝင်ရောက်ခဲ့တာကြောင့် ကျေးရွာတချို့က မြေနိမ့်ပိုင်းအိမ်ထောင်စု ၃၅ စု အိမ်ထဲအထိ ရေတွေ ရောက်လာလို့ ရေဘေးလွတ်ရာ ရွှေကူမြို့ အမှတ် (၄) ဘောဂဗလရပ်ကွက် အခြေခံပညာကျောင်း၊ မြဝတီဘုန်းတော်ကြီးကျောင်းနဲ့ အောင်တော်မူဘုရားတို့မှာ ယာယီပြောင်းရွှေ့ နေရာချထားပေးတာ ဖြစ်ပါတယ်။
ရွှေကူမြို့မှာ ၁၀ စုနှစ်အတွင်း တနှစ်တည်းနဲ့ မြစ်ရေ ၄ ကြိမ်အထိ မြင့်တက်ပြီး အိမ်ထောင်စုတွေ ပြောင်းရွှေ့ရတာဟာ ဒီနှစ်မှာ ပထမဆုံးဖြစ်တယ်လို့ မြို့နယ်မိုးဇလဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - ကျော်ဇေယျ CJ(ရွှေကူ)