DVB Logo
Home
နိုင်ငံတကာ
 ဆီနီဂေါလ်သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်
DVB
·
May 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဆီနီဂေါလ်သမ္မတ ဘာစီရူး ဂျိုမိုင်ဖိုင်ဟာ မေ ၂၂ ရက်မှာ ဝန်ကြီးချုပ် အိုစမန် ဆွန်ကိုကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာပါတယ်။

ဒီကြေညာချက်ကို သမ္မတရုံးအတွင်းရေးမှူးချုပ် အိုမာဆမ်ဘာဘာက နိုင်ငံပိုင်မီဒီယာမှာ ဖတ်ကြား သွားခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကြောင့် လက်ရှိအစိုးရအဖွဲ့ ပျက်ပြယ်သွားပြီး ဝန်ကြီးအားလုံးလည်း ရာထူးကနေ ပြုတ်သွားပြီလို့ ဖော်ပြထားပါတယ်။

“ရာထူးကနေ ထွက်ခွာရမဲ့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ လက်ရှိလုပ်ငန်းဆောင်တာတွေကိုတော့ ဆက်ပြီး တာဝန်ယူပေးရမယ်” လို့ ဆမ်ဘာ ဘာက ထပ်လောင်းပြောပါတယ်။

သောကြာနေ့ညမှာ ဒီသတင်း ထွက်ပေါ်လာပြီးနောက် ဆွန်ကိုက လူမှုကွန်ရက်ပေါ်မှာ “ဒီညတော့ ကယ်ရ်ဂေါ်ရ်ဂူဝီရပ်ကွက်မှာရှိတဲ့ ကျနော့်အိမ်မှာပဲ စိတ်အေးလက်အေး အိပ်တော့မယ်”လို့ ရေးသား ခဲ့ပါတယ်။

မဟာမိတ်ကနေ ပြိုင်ဘက်တွေ ဖြစ်လာတဲ့ သူတို့ ၂ ယောက်အကြား လနဲ့ချီပြီး တင်းမာမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက်မှာ အခုလို အပြောင်းအလဲ ဖြစ်ပေါ်လာတာပါ။

ဒီဖြစ်ရပ်ကြောင့် ကြွေးမြီအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အနောက်အာဖရိကနိုင်ငံ ဆီနီဂေါလ်မှာ နိုင်ငံရေး မငြိမ်မသက်မှုတွေ ပြန်လည်ဖြစ်ပွားလာနိုင်ခြေ ရှိနေပါတယ်။

လူငယ်ထောက်ခံသူ အများအပြားရှိပြီး ဆွဲဆောင်မှုရှိတဲ့ ဆွန်ကိုဟာ အသရေဖျက်မှုနဲ့ ပြစ်ဒဏ်ကျ ခံခဲ့ရတာကြောင့် ၂၀၂၄ ရွေးကောက်ပွဲမှာ ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် လက်ရှိသမ္မတ ဘာစီရူး ဂျိုမိုင်ဖိုင်ကို ကျောထောက်နောက်ခံပေးခဲ့သူ ဖြစ်ပါတယ်။

မတ်လတုန်းကလည်း ဂျိုမိုင်ဖိုင်သာပါတီရဲ့ မူဝါဒတွေကနေ သွေဖည်သွားမယ်ဆိုရင် သူတို့ရဲ့ ပတ်စ်တက်ဖ်ပါတီကို အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်ပြီး အတိုက်အခံအဖြစ် ပြန်လည်ရပ်တည်ဖို့ အဆင်သင့်ရှိတယ်လို့ ဆွန်ကိုက ပြောကြားခဲ့ဖူးပါတယ်။

ဒါကြောင့် သူတို့ ၂ ယောက်အကြား ဖြေရှင်းမရတဲ့ အာဏာလွန်ဆွဲပွဲ တခု ဖြစ်နေပြီဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ပန်-အာဖရိကန်ဝါဒီဖြစ်တဲ့ ဝန်ကြီးချုပ် ဆွန်ကိုရဲ့ အဓိကလုပ်ဆောင်ချက်တွေထဲမှာ ဆီနီဂေါလ်နိုင်ငံရဲ့ အသစ်ထွက်ပေါ်လာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအပါအဝင် သဘာဝသယံဇာတ သဘောတူညီချက်တွေကို ပြန်လည်စစ်ဆေးတာလည်း ပါဝင်ပါတယ်။

မတ်လတုန်းက ဆွန်ကိုဟာ ဂရိတ်တား တော်ချူး အာမဲယင်မ်စီမံကိန်းအတွက် BP ကုမ္ပဏီနဲ့ ချုပ်ဆို ထားတဲ့ ဓာတ်ငွေ့စာချုပ်ဟာ မမျှတဘူးလို့ ကြေညာခဲ့ပြီး သတ္တုတွင်းလိုင်စင် ၇၁ ခု လောက်ကို လည်း ပယ်ဖျက်ခဲ့ပါတယ်။

ရေနံနဲ့ ဓာတ်ငွေ့စာချုပ်တွေကို ပြန်လည်ညှိနှိုင်းတာဟာ ပြည်တွင်းစွမ်းအင်စျေးနှုန်းတွေကို ကျဆင်း စေပြီး စီးပွားရေးကို မြှင့်တင်ပေးနိုင်သလို ဆီနီဂေါလ်ရဲ့ ပျက်စီးနေတဲ့ ဘဏ္ဍာရေးအခြေအနေကို ပြန်လည် ကုစားရာမှာ အထောက်အကူဖြစ်စေမယ်လို့လည်း သူက ကတိပြုထားပါတယ်။

ဆီနီဂေါလ်နိုင်ငံဟာ စီးပွားရေးဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို နိုင်ငံရေးအရ အကွဲအပြဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ကြွေးမြီစာရင်းတွေကို မှားယွင်းတင်ပြထားတာကို စစ်ဆေးတွေ့ရှိပြီးနောက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဆီနီဂေါလ်ကို ပေးမယ့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ချေးငွေအစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ နိုင်ငံရဲ့ ကြွေးမြီပမာဏဟာ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) ရဲ့ ၁၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဆွန်ကိုဟာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံလောက် ရှိတဲ့ ဆီနီဂေါလ်ရဲ့ ကြွေးမြီတွေကို ပြန်လည်ပြင်ဆင်ဖို့ IMF က ဖိအားပေးနေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ သမ္မတ ဂျိုမိုင်ဖိုင်ကတော့ ဒီကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာ သိပ်မရှိခဲ့ပါဘူး။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013