DVB Logo
Home
မြန်မာသတင်း
မဲစာရင်းနှင့် ရွေးကောက်ပွဲအချက်အလက်များကို မိုဘိုင်း Application ဖြင့်ကြည့်ရှုနိုင်   
DVB
·
September 30, 2020
မဲစာရင်းနှင့် ရွေးကောက်ပွဲအချက်အလက်များကို မိုဘိုင်း Application ဖြင့်ကြည့်ရှုနိုင်   
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းတွေကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကြေညာကပ်ထားပေးမှာဖြစ်ပြီး  မိုဘိုင်း Application နဲ့ ဝက်ဆိုက်ကနေတဆင့် ကြည့်ရှုနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

မဲစာရင်းကို အကြောင်းအမျိုးမျိုး​ကြောင့် လူကိုယ်တိုင် လာရောက်မကြည့်ရှုနိုင်တဲ့ သူတွေအတွက် https://findyourpollingstation.uec.gov.mm/  ဝက်ဆိုက်နဲ့ findyourpollingstation.apk ဆိုတဲ့ မိုဘိုင်း Application တို့ကနေ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ 

Application နဲ့ကြည့်ရှုရာမှာ ရှာဖွေသူ အနည်းအများပေါ်မူတည်ပြီး  ကြန့်ကြာမှုတွေ ရှိခဲ့ရင် စိတ်ရှည်သည်းခံစွာကြည့်ရှုပေးကြဖို့လည်း ကော်မရှင်က ပန်ကြားထားပါတယ်။’

မြန်မာနိုင်ငံတဝန်း သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွေမှာလည်း မဲစာရင်းကို နောက်ဆုံးအနေနဲ့ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ  ၁၄ ရက်ကြာ ထပ်မံကြေညာ ကပ်ထားပေးမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ 

မဲစာရင်းနဲ့ပတ်သက်လို့ ပြင်ဆင်စရာတွေရှိရင်လည်း သတ်မှတ်ထားတဲ့ပုံစံတွေနဲ့ တကွ ရပ်ကွက် ကော်မရှင်ရုံးမှာ ပြင်ဆင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

မင်္ဂလာဒုံမြို့နယ်မှာနေတဲ့ ပထမဆုံးအကြိမ် မဲပေးမယ့် မအိမေခိုင်က “First Time Voter ဖြစ်တဲ့အတွက်ကြောင့် မဲပေးရတာ အခက်အခဲတွေရှိမှာစိုးလို့ အနည်းငယ်တော့ စိတ်လှုပ်ရှားပါတယ်။ ကြိုပြီးတော့လည်းလေ့လာထားပါတယ်။ ကိုဗစ်ဖြစ်နေတယ် ဆိုပေမဲ့လည်း ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း မဖြစ်ဖြစ်တဲ့နည်းနဲ့ မဲပေးသွားမှာပဲဖြစ်ပါတယ်။ လူကြီး၊ လူငယ်မရွေး မဲပေးကြပါလို့လည်း ပြောချင်ပါတယ်။ ကိုယ်တင်မြှောက်လိုက်တဲ့သူကပဲ ကိုယ့်ကိုပြန်အုပ်ချုပ်သွားမှာဖြစ်လို့ ကိုယ်ကြည်ဖြူတဲ့သူပဲ ဖြစ်နေဖို့လိုပါတယ်'' လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလ ဖြစ်တဲ့အတွက်ကြောင့် မဲစာရင်းတွေကို အွန်လိုင်းကနေ  အလွယ်တကူ ကြည့်ရှုနိုင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်  ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ်မဲစာရင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ကြေညာထားခဲ့ပေမယ့် လာကြည့်သူဦးရေ နည်းနေသေးလို့  သြဂုတ် ၈ ရက်မှ ၁၄ ရက် အထိ ၇ ရက်ထပ်မံတိုးမြင့်ကြေညာပေးခဲ့ပါတယ်။

မဲစာရင်းမှာ  မှတ်ပုံတင်နံပါတ်လွဲမှားတာ၊ မှတ်ပုံတင်နံပါတ်မပါရှိတာ၊ ဖခင်အမည် မှားယွင်းတာ၊ မဲစာရင်းမပါတာ၊  မဲစာရင်းထပ်နေတာစတဲ့ အမှားအယွင်းတွေ ရှိခဲ့လို့  ပြင်ဆင်ပေးခဲ့ရတာတွေ ရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအထောက်အကူပြုရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ တခြားအဖွဲ့အစည်းတွေ ပူးပေါင်းပြုလုပ်ထားတဲ့ mVoter 2020 အက်ပလီကေးရှင်းကိုလည်း စက်တင်ဘာ ၂၉ ရက်က  အခမ်းအနားနဲ့ စတင်မိတ်ဆက်လိုက်ပါတယ်။

အွန်လိုင်းကနေ ကျင်းပတဲ့ အခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ application ဖြစ်မြောက်ဖို့ ရန်ပုံငွေအရရော နည်းပညာအရပါ ပူးပေါင်းခဲ့ကြတဲ့ Asia foundation ၊ မဲပေးစို့၊  Step Democracy၊ IDEAနဲ့ EU က တာဝန်ရှိသူတွေအသီးသီး ပါဝင်ပြောကြားသွားခဲ့ပါတယ်။

UEC ဥက္ကဋ္ဌ ဦးလှသိန်းက "ဒီ applicationဟာ မဲပေးခြင်းဆိုင်ရာ သတင်း အချက်အလက်တွေ ရရှိဖို့ UECက အတည်ပြုထားတဲ့ ကိုယ်စားလှယ်လောင်း အချက်အလက်တွေနဲ့ပါတီ မူဝါဒတွေကို ပါတီစွဲကင်းကင်းနဲ့ ပေးနိုင်ဖို့ရည်ရွယ်တယ်''လို့ အမှာစကား ပြောကြားသွားခဲ့ပါတယ်။

International IDEA က မစ္စတာ မားကတ်စ်ဘရန်းကတော့ "လူထုစည်းရုံးမှုတွေ လျှော့ချထားတဲ့အချိန်မျိုးမှာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးမျှတဖို့ ဒီလို့ online platformတွေ ထုတ်လာရတာဖြစ်ပြီး နောက်နှစ်တွေမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို online ကနေပါ တင်သွင်းနိုင်တဲ့အထိ လုပ်သွားမယ်''လို့ သွားပါတယ်။

ဒီ Applicationကို Pop Stackက မြန်မာလူငယ် ၄ ဦးက အခမဲ့ရေးဆွဲပေးခဲ့တာဖြစ်ပီး 2015 Rice Bowl Startup Awardဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Applicationမှာ ပါတီ၊ ကိုယ်စားလှယ်၊ မဲပေးနည်း၊ သိမှတ်ဖွယ်နဲ့ သတင်းဆိုတဲ့ feature 5ခု ပါဝင်မှာဖြစ်ပြီး www.maepaysoh.org ဝက်ဆိုက်မှာ အခမဲ့ တိုက်ရိုက်ဒေါင်းလုပ်ဆွဲ ရယူနိုင်ပါတယ်လို့ သိရပါတယ်။

သတင်း - အိသဇင်ခိုင်/ နွေလှိုင်း (YU)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013