
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာနက ကြားကာလ တရားစီရင်ရေးကို အကောင်အထည်ဖော်နေပေမဲ့ ပြည်သူတွေကို အပြည့်အဝ လွှမ်းခြုံနိုင်မဲ့ တရားစီရင်ရေး ဖြစ်ဖို့တော့ လိုအပ်ချက်တွေ ရှိနေပါတယ်။
NUG တရားရေးဝန်ကြီးဌာနက မြို့နယ်အဆင့် တရားရုံး ၃၃ ရုံး ဖွင့်လှစ်ထားနိုင်တယ်လို့ ဧပြီ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန မြို့နယ်တရားသူကြီးတွေ တွေ့ဆုံတဲ့ အစည်းအဝေး ထုတ်ပြန်ချက်အရ သိရပါတယ်။
NUG တရားရုံးတွေမှာ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ထားတဲ့ တရားသူကြီးတွေနဲ့ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေးပုံစံနဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။
အမှုအခင်းတွေမှာ ထိခိုက်နစ်နာသူတွေကို မျက်နှာမူပြီး ထိခိုက်နစ်နာသူက အရပ်သား ပြည်သူဖြစ်ရင် အရပ်ဘက်တရားရုံးတွေမှာ တရားစီရင်ရပြီး နစ်နာသူက စစ်ဘက်ကဖြစ်ရင် စစ်ဘက်တရားရုံးတွေမှာ အမှုရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။
တရားသူကြီးတွေဟာ ကျူးလွန်သူကို ပြစ်မှုအမျိုးအစားအလိုက် သေဒဏ်ပေးနိုင်တဲ့အထိ အခွင့်အာဏာ ရှိပါတယ်။
ကျူးလွန်သူက ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို အဓိကမထားဘဲ တရားမျှတမှုရှိစွာ တရားစီရင်တယ်လို့ မကွေးတိုင်းထဲက တရားရေးတာဝန်ခံတယောက်က ပြောပြပါတယ်။
“ကျနော်တို့ တရားရေးအနေနဲ့ မျက်နှာမူတာက ထိခိုက်နစ်နာသူတွေကိုပဲ မျက်နှာမူပါတယ်။ ထိခိုက်နစ်နာသူတွေဟာ အရပ်သားပြည်သူ ဖြစ်တယ်ဆိုရင် ကျနော်တို့ အရပ်ဘက် တရားရုံးကနေပဲ တရားစီရင်ပါတယ်။ အဲဒီလို တရားစီရင်ရေးကို လုပ်ဆောင်တဲ့အချိန်မှာလည်း ကျနော်တို့က ကျူးလွန်သူဟာ စစ်ဘက်ဖြစ်နေလို့၊ ပါဝင်ပတ်သက်နေလို့ ဆိုတဲ့အပေါ်မှာတော့ တရားစီရင်မှုဟာ တိမ်းစောင်းမှု ဖြစ်ပေါ်မှာ မဟုတ်ဘူး၊ ဖြစ်ပေါ်စရာလည်း မရှိဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ အဲဒီ ဘယ်အမှုအမျိုးအစားမဆို လုပ်ဆောင်ရမဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လိုက်နာရမဲ့ နည်းဥပဒေတွေနဲ့အညီ အမှုတွေအပေါ်မှာ လုပ်ဆောင်နေကြခြင်းကြောင့်ပဲလို့ ကျနော် ပြောချင်ပါတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်တဲ့ အမှုအမျိုးအစားအပေါ်မှာ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ပြစ်မှုပြစ်ဒဏ်နဲ့ ညီအောင် မြေပြင်မှာရှိနေတဲ့ ကျနော်တို့ တရားသူကြီးတွေ အားလုံးဟာ စိစစ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။”
သက်ဆိုင်ရာ တရားရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအပိုင်းမှာတော့ အားနည်းမှုတွေ ရှိနေသလို တရားရေးကဏ္ဍကို ရာနှုန်းပြည့် လည်ပတ်နိုင်ဖို့အတွက်တော့ အေးချမ်းစွာ တရားစီရင်နိုင်ခွင့်ရှိဖို့ လိုအပ်တယ်လို့ တရားရေးတာဝန်ခံက ဆက်ပြောပါတယ်။
တော်လှန်ရေးကာလ ၅ နှစ်အတွင်းမှာ တရားရေးကဏ္ဍကို အကောင်အထည်ဖော်နေပေမဲ့ ပြည်သူတွေကြားမှာ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
အရပ်ဘက် တရားရေးတွေမှာ လက်နက်ကိုင်ထားတဲ့ အင်အားစုတွေက တရားရေး၊ အုပ်ချုပ်ရေး အပိုင်းတွေမှာ ဝင်မပါလာဘူးဆိုရင် ပြည်သူက ပိုပြီး အသိအမှတ်ပြုလာမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလမှာ ဘယ်ဥပဒေနဲ့ တရားစီရင်ရေး ဖော်ဆောင်နေတာဆိုတာ ပြည်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရတဲ့ အားနည်းချက် ရှိနေတယ်လို့ စစ်ကိုင်းဖိုရမ်အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ရှင်းပြပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဖျက်သိမ်းပြီးပြီလို့ ကျနော်တို့ ပြောတယ်။ ဒါဆိုရင် ဘယ်ဥပဒေတွေက အသက်ဝင်ပြီးတော့ ဘယ်ဥပဒေတွေက အသက်မဝင်နေတာလဲ၊ လက်ရှိက ဘယ်ဥပဒေတွေနဲ့ ဒီကျင့်သုံးနေတာလဲ ဆိုတဲ့ဟာတွေက ရှင်းရှင်းလင်းလင်း မရှိနေဘူး။ ဒီလို ရှင်းရှင်းလင်းလင်းမရှိတဲ့ ရိုက်ခတ်မှုက တရားရေးမှာလည်း လာပြီး ရိုက်ခတ်တယ်။ ဟုတ်ပြီ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းတယ်၊ ဒါဆိုရင် တရားသူကြီးတွေရဲ့ လုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်တွေက ဘယ်ဥပဒေတွေနဲ့ သွားနေတာလဲပေါ့။ နောက် တရားရုံးက ဘယ်ဥပဒေတွေကို ကိုင်စွဲပြီးတော့ တရားစီရင်မှုတွေကို ဆောင်ရွက်နေတာလဲ။”
တော်လှန်ရေးတရားရုံးတွေမှာ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ပြီး လက်တွေ့ကျတဲ့ တရားစီရင်ရေးကို ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ကိုစိုးဝင်းဆွေက ဆိုပါတယ်။
လုံခြုံရေးနဲ့ လေကြောင်းကန့်သတ်ချက်တွေ ရှိနေတာကြောင့် ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကူအညီတွေနဲ့ တရားရေးဌာန လက်အောက်က တရားရုံးတွေမှာ ထိန်းသိမ်းတာရှိသလို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှု မရှိအောင် ထိန်းသိမ်းရတယ်လို့ ဆိုပါတယ်။
ဧပြီ ၂ ရက်ကလည်း မကွေးတိုင်း၊ ဆောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူကို NUG တရားရုံးက သေဒဏ်ပေးလိုက်နိုင်တာကလည်း NUG တရားစီရင်ရေးကဏ္ဍရဲ့ အရွေ့တခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
သီရိ










