DVB Logo
Home
ကျန်းမာရေး
စားသောက်ကုန် ပို့ဆောင်နေသူများနှင့် Covid-19 ကာကွယ်ရေး
DVB
·
September 27, 2020
စားသောက်ကုန် ပို့ဆောင်နေသူများနှင့် Covid-19 ကာကွယ်ရေး
Donate to DVB

Covid-19 ကပ်ဘေး တစ်ဖန်ပြပြီး ထလာတဲ့အချိန် ရုံးတွေ၊ ကျောင်းတွေ၊ ဆိုင်တွေ တော်တော်များများလည်း ပိတ်ကုန်ကြပါပြီ။ ဒါပေမယ့် ဘယ်လိုမှ ပိတ်လို့မရဘဲ အလုပ်တောင် ပိုလုပ်ရတဲ့သူတွေကတော့ စားသောက်ကုန် ပို့ဆောင်သူတွေပါပဲ။ တော်ရုံတန်ရုံ အိမ်မှာ ဟင်းမချက်သူတွေ၊ ရောဂါကြောက်လို့ စျေးမသွားတဲ့သူတွေ၊ စိတ်ပျောက်လက်ပျောက် အိမ်ကနေ မှာစားသူတွေဟာ တစ်နေ့ထက် တစ်နေ့ များလာတာနဲ့အမျှ ပို့ဆောင်သူတွေအနေနဲ့ ပုံမှန်အချိန်တွေထက် ပိုအလုပ်လုပ်ရသလို Covid-19 ကာကွယ်ဖို့အတွက်လည်း ပိုဂရုစိုက်ရပါတယ်။

စားသောက်ကုန် ပို့ဆောင်နေသူတွေ ဘာကြောင့် ကျန်းမာရေးကို ပိုဂရုစိုက်ဖို့လိုအပ်တာလဲ။
ပို့တဲ့သူတွေ ကျန်းမာမှ ကိုယ့်ဆီကနေတစ်ဆင့် အစားအစာတွေ၊ ထုပ်ပိုးထားတဲ့ အိတ်တွေကို ရောဂါပိုးကူးစက်မှု မဖြစ်မှာပါ။ ကိုယ်အစားအစာ ပို့ဆောင်လိုက်တဲ့အိမ်မှာ နေထိုင်သူတွေဟာလည်း ရောဂါပိုးကင်းစင်ပါတယ်လို့ အတိအကျ သတ်မှတ်ယူဆထားလို့ မရတဲ့အတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ဆိုသလို ကိုယ့်ဘက်က ကြိုပြီးကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ ကိုယ့်မှာသာ ရောဂါတစ်ခုခု ဖြစ်ရင် အလုပ်အကိုင်၊ ဝင်ငွေလည်း ပျက်ရသလို ဆေးရုံသွားတက်နေရမှာဆိုတော့ အဲဒီအတွက် စရိတ်တွေက အပိုကုန်နေဦးမှာနော်။

ဒါဆို ဘယ်လိုကာကွယ်မလဲ။
အစားအသောက်ပို့ဆောင်ရေး (Food Delivery) ကုမ္ပဏီအနေနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းများကို လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ ဖြစ်တဲ့ Mask, Face shield, ရေမလို လက်သန့်စင်ဆေးရည်၊ လက်အိတ် စတာတွေကို ပံ့ပိုးထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကုမ္ပဏီက ပံ့ပိုးပေးတဲ့ ပစ္စည်းတွေကို ပို့ဆောင်နေရတဲ့ ဝန်ထမ်းတွေကလည်း မဖြစ်မနေ အသုံးပြုပြီး ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာတာက အကောင်းဆုံးဖြစ်မှာပါ။ အကယ်လို့ မပံ့ပိုးဘူးဆိုရင်လည်း ကိုယ့်ရဲ့ကျန်းမာရေးက အရေးကြီးတဲ့အတွက် Mask နဲ့ လက်သန့်စင်ဆေးရည်ကိုတော့ အမြဲတမ်း ဆောင်ထားသင့်ပါတယ်။

၁။ Face Mask ကို မမေ့ပါနဲ့။
အလုပ်ကို စတင်သွားတာနဲ့ Mask ကိုစနစ်တကျ တပ်ဆင်သွားပါ။ ပုံမှန်အားဖြင့် အစားအသောက်ပို့ဆောင်နေသူက တစ်နေ့လုံး စက်ဘီး သို့မဟုတ် ကားနဲ့ ပို့ဆောင်နေရတာဖြစ်တဲ့အတွက် ချွေးပိုထွက်လို့ Cloth Mask ကို အသုံးပြုရန် ရွေးချယ်နိုင်ပါတယ်။

၂။ Face Shield ကို အပိုကာကွယ်ပစ္စည်းအနေနဲ့ တပ်ပါ။
Cloth Mask တွေဟာ ပုံမှန် Mask တွေလောက် Covid-19 ကို မကာကွယ်ပေးနိုင်ပေမဲ့ အခြေခံလူတန်းစားတွေအတွက် ပြန်လျှော်ဖွပ်ပြီး ထပ်ခါတလဲလဲ အသုံးပြုလို့ရပါတယ်။ ဒီအတွက် ရောဂါပိုးကို အပိုကာကွယ်ပြီးသားဖြစ်အောင် Face Shield ကို တပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ကုမ္ပဏီကလည်း မပံ့ပိုးဘူး၊ ကိုယ့်အနေနဲ့လည်း ငွေရေးကြေးရေးအရ မတတ်နိုင်လို့ မသုံးလို့လည်း ကိုယ့်သဘောအတိုင်းပါ။

၃။ လက်သန့်စင်ဆေးရည်က မဖြစ်မနေ ဆောင်ရမှာပါ။
များသောအားဖြင့် ကုမ္ပဏီတွေက ရေမလို လက်သန့်စင်ဆေးရည်ကို ဝန်ထမ်းတွေဆီ ဝေမျှပေးတတ်ပါတယ်။ အထူးသဖြင့် အစားအသောက် ပို့ဆောင်နေတဲ့သူတွေအတွက် အလွယ်တကူ လက်ဆေးလို့မရတဲ့ နေရာတွေ၊ အထူးသဖြင့် အစားအသောက်ပို့ပြီး ပိုက်ဆံရှင်းပြီးတဲ့အခါ လက်ဆေးဖို့လိုအပ်လာရင် ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြုလိုက်ရုံပါပဲ။

၄။ Mask ကို တတ်နိုင်သလောက် အပြင်မှာမချွတ်ပါနဲ့။
ဘယ်နေရာက ရောဂါပိုးရှိတယ်၊ ကင်းတယ်ဆိုတာ အသေအချာမသိရတဲ့အတွက် တတ်နိုင်သလောက် Mask ကို မချွတ်တာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ကိုယ်က နေရာပေါင်းစုံသွားလာနေရတဲ့အခါ Mask ရဲ့ အပြင်ဘက်မှာ ရောဂါပိုးတွေ ကပ်နေတတ်ပါတယ်။ ဒီအခါ ကိုယ်က Mask ကို သွားကိုင်လိုက်ပြီး လက်ပြန်မဆေးရင် အဲဒီရောဂါပိုးတွေက အစားအသောက်တွေကိုပါ ပျံ့သွားနိုင်ပါတယ်။

၅။ ပိုက်ဆံရှင်းတဲ့အခါ သတိထားပါ။
Covid-19 မတိုင်ခင်ကာလများစွာကတည်းက ပိုက်ဆံဆိုတာ ရောဂါပိုးမွှားပေါင်းစုံ ကပ်ငြိနေတဲ့အရာပါ။ ဒီအတွက် ပိုက်ဆံရှင်းပြီး အိတ်ထဲ ပြန်ထည့်ပြီးရင် လက်ကိုပြန်ဆေးဖို့ အရေးကြီးပါတယ်။

၆။ အစားအသောက်ပို့တဲ့အခါ လူတွေနဲ့ အရမ်းနီးကပ်အောင် မရပ်ပါနဲ့။
တိုက်ခန်းဖြစ်ပါစေ၊ အိမ်ပဲ ဖြစ်နေပါစေ၊ အစားအသောက်တွေ ပို့တဲ့အခါ ခပ်လှမ်းလှမ်းကသာ ရပ်ပါ။ ပုံမှန် သတ်မှတ်ထားတဲ့ ၆ပေ အကွာအဝေးအတိုင်း မခြားနိုင်ရင်တောင် ခပ်ခွာခွာ နေခြင်းက ကိုယ့်ရဲ့ ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၇။ အိမ်ပြန်ရောက်တဲ့အခါ သန့်ရှင်းရေးလုပ်ပါ။
အရင်ဆုံး ဝတ်ထားသမျှ အဝတ်အစားတွေ အကုန်ချွတ်ပြီး လျှော်ပါ။ ပြီးသွားရင် Mask တွေ၊ Shield တွေနဲ့ လက်အိတ်တွေကိုပါ ဆပ်ပြာနဲ့ လျှော်ဖွပ်ပါ။ ပြီးသွားတာနဲ့ ခေါင်းလျှော်၊ ရေချိုးပေးပါ။ ညဘက်ကို တတ်နိုင်သလောက် စောစောအိပ်ပါ။ အစာအာဟာရကို ဂရုစိုက်ပါ။

ကဲ ဒါဆိုရင် ကပ်ဘေးကာလမှာ မလွှဲသာလို့ အစားအသောက် ကုန်စည်ပို့ဆောင်နေရသူတွေအတွက် သိထားသင့်တဲ့ Covid-19 ကာကွယ်ရေးနဲ့ ကျန်းမာရေးအကြောင်း သိလောက်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုအချိန်မျိုးဟာ ပြည်သူတစ်ရပ်လုံး ကိုယ်တိုင်ကစလို့ ရောဂါပြန့်ပွားမှုနည်းအောင် ထိန်းချုပ်ရမယ့် အချိန်ကာလပါ။ ကိုယ်က ရောဂါဖြစ်လို့ မကြောက်ဘူးဆိုရင်တောင် ကိုယ့်နောက်ကွယ်က တသီကြီး ဒုက္ခရောက်မယ့် မိသားစုဝင်တွေကို ငဲ့ညှာပေးပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn |


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013