ဗီယက်နမ်နိုင်ငံမှာ ကလေး ၂ ယောက်သာ ယူရမဲ့ မူဝါဒကို ဖျက်သိမ်းပြီး တနှစ်အကြာ ဇူလိုင် ၁ ရက်ကစလို့ ကလေးပိုယူဖို့ အားပေးတဲ့ အစီအစဉ်တွေ စတင်လိုက်ပါတယ်။
ဥပဒေသစ်အရ ဒုတိယမြောက်ကလေးယူမဲ့ မိခင်တွေအတွက် မီးဖွားခွင့်ကို ၆ လကနေ ၇ လအထိ တိုးမြှင့်ပေးသွားမှာပါ။
ဒါ့အပြင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အခမဲ့ပေးမဲ့အပြင် သတ်မှတ်ချက်နဲ့ ကိုက်ညီရင် အမေရိကန်ဒေါ်လာ ၂၂၈ ဒေါ်လာအထိ “ကလေးဆုကြေးငွေ” ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
လက်ရှိ ဗီယက်နမ်ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အိုမင်းမစွမ်းဖြစ်မှု အမြန်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
မွေးဖွားနှုန်း ကျဆင်းလာတာကြောင့် လုပ်သားရှားပါးမှုနဲ့ လူမှုစောင့်ရှောက်ရေးစနစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ ဗီယက်နမ်ဆိုင်ရာ တာဝန်ခံ ဖန်သီလန် ကတော့ ဒါဟာ လူဦးရေဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားလာတဲ့ ပြောင်းလဲမှုလို့ ဆိုပါတယ်။
ဒါပေမဲ့ ကလေးပြုစုပျိုးထောင်စရိတ် ကြီးမားတဲ့အတွက် ဒီထောက်ပံ့မှုတွေဟာ ကလေးထပ်ယူဖို့ လုံလောက်တဲ့ ဆွဲဆောင်မှု မဖြစ်ဘူးလို့ မြို့ခံမိဘတချို့က မှတ်ချက်ပြုကြပါတယ်။
ဝင်ငွေရဲ့ ထက်ဝက်နီးပါးဟာ ပထမကလေးအတွက် ကုန်ကျနေတာကြောင့် ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေအရ နောက်ထပ် ကလေးယူဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။











