DVB Logo
Home
မြန်မာသတင်း
မြန်မာက အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု တတိယအများဆုံး နိုင်ငံဖြစ်လာ
DVB
·
September 27, 2020
မြန်မာက အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု တတိယအများဆုံး နိုင်ငံဖြစ်လာ
Donate to DVB

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀,၃၀၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၁,၃၃၉ ယောက် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅,၂၈၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၁,၂၅၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါ တယ်။

ကိုဗစ်-၁၉ ကြောင့် တတိယမြောက်သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာတဲ့ မြန်မာနိုင်ငံမှာတော့  ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ သေဆုံးသူ ၁၉၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၉,၁၁၁ ယောက် ရှိပြီလို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၃ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀,၇၆၉ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃,၅၂၂ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၀၆၉ ယောက် ရှိနေတာပါ။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၆၈၅ ယောက်နဲ့ ကူးစက်မှုမြင့်တက်နေပေမယ့် သေဆုံးသူအရေအတွက်ကတော့ တိုးမလာပဲ ၂၇ ယောက်မှာတင် ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဘရူနိုင်းနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၁၄၆ ယောက် ရှိနေခဲ့တာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၅ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၃၂ ဒဿမ ၈ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၉၉၄,၂၅၃ ယောက် ရှိပြီလို့  Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၂၀၈,၄၄၇ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၉၃,၄၄၀ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒဿမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၁၄၀,၇၀၉ ယောက်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၃၃၇ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိနေပြီး အဆင့် ၄၄ အထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013