
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ လူနာသစ် ၈ ယောက် ထပ်တွေ့ရပြီး လပွတ္တာမြို့နယ်မှာလည်း ဒေသဆိုင်ရာအမိန့်ထုတ်ပြန်ပြီး အိမ်တချို့ကို Stay at Home သတ်မှတ်ထားပါတယ်။
မနေ့ကစစ်ဆေးချက်တွေအရ ဒီမနက်မှာ ကန်ကြီးထောင့်၊ ပုသိမ်နဲ့ မအူပင်မြို့နယ်တို့က လူနာသစ်တွေ ထပ်တွေ့ခဲ့တာလို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပြည်တွင်းကူးစက်လူနာတွေ များလာလို့ ပုသိမ်၊ ဖျာပုံနဲ့ မအူပင်မြို့နယ်တို့ကို Stay at Home သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက မနေ့က အမိန့်ထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ဒီမတိုင်ခင်ကပဲ ပုသိမ်မြို့ ကမ်းနားလမ်းက ကွန်ဒိုတိုက်တလုံး၊ ဖျာပုံမြို့နယ် ဒေါ်ညိမ်းရွာက ဘုရားလမ်း၊ ရုံးလမ်း၊ ရွာမကမ်းနားလမ်းနဲ့ တာပတ်လမ်းမှာ နေသူတွေအနေနဲ့ အိမ်မှာပဲ နေထိုင်ကြဖို့ ဒေသဆိုင်ရာ အမိန့်ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် လပွတ္တာမြို့နယ် ငမိုးရိပ်ရွာက ဦးပိန်နေအိမ်ရှိရာ တဲစု ၆ လုံးကိုလည်း အိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းထဲမှာ ဒီမနက်အထိ လူနာစုစုပေါင်း ၁၈၁ ယောက်ရှိပြီး ၃၈ ယောက်ကတော့ ဆေးရုံက ဆင်းခွင့်ရထားပါတယ်။











