
ကိုဗစ်-၁၉ လူနာသစ် ၅၉၈ ဦးနဲ့ သေဆုံးသူ ၂ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၉,၁၁၂ ဦးနဲ့ သေဆုံးသူ ၁၇၄ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသွားသူတွေကတော့ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနမှာ တက်ရောက် ကုသမှုခံယူနေတဲ့ ( လူနာအမှတ်- ၃၅၆၇) အသက် ၈၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်အနောက်ပိုင်း ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ (လူနာအမှတ်-၇၉၁၂ ) အမျိုးသား တစ်ဦးတို့ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)မှဓာတ်ခွဲနမူနာ ၇၃၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ ၃၅၈ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှဓာတ်ခွဲနမူနာ ၁,၁၆၂ ခု အပါအဝင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၃,၃၆၀ ခုကို ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅၉၈ ဦး တွေ့ရှိရတာပါ။
ဒီနေ့ညနေ ၅ နာရီအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ကိုဗစ်လူနာ ၁၃ ဦး၊ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနက လူနာ ၂ ဦးနဲ့ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးက ၂ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၅ ရက် ည ၈နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၉,၁၁၂ ဦး၊ သေဆုံးသူ ၁၇၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂,၅၁၇ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၄၅ ဦးရှိပါတယ်။










