
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ပထမဆုံး တွေ့ရှိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ပြောပါတယ်။
“ဒီမနက်တွေ့တာပါ။ သူက ဟင်္သာတမြို့နယ်၊ ကုန်ကြီးကျေးရွာအုပ်စု၊ အနောက်တံခွန်တိုင်ရပ်ကွက် မြန်မာသစ်ထုတ်လုပ်ရေးက ယာဉ်မောင်းအဆင့် (၄) ရှိသူပါ။ သူ့ကို သံသယရှိလို့ ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းက Facility Quarantine စင်တာမှာ ထားရှိခံထားရသူပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူနာနေထိုင်ရာ မြန်မာ့သစ်ထုတ်လုပ်ရေးဝန်ထမ်းအိမ်ကိုတော့ Lock Down ချလိုက်ပြီး လူနာသွားခဲ့တဲ့ ကုန်ကြီးကျေးရွာအုပ်စု၊ အနောက်တံခွန်တိုင်ရပ်ကွက်ရှိ ပြည်သူတွေကိုတော့ နေအိမ်မှာပဲ Home Stay နေဖို့ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ကုသရေးနဲ့တုံ့ပြန်ရေးကော်မတီက ညွှန်းကြားထားပါတယ်။
ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှာ အခု အတည်ပြုလူနာအပါအဝင် ဓနုဖြူက ၂ ဦး၊ ကြံခင်းက ၁ ဦး၊ အင်္ဂပူက ၁ ဦးနဲ့ လေးမျက်နှာက ၁ ဦး စုစုပေါင်း ၆ ဦးရှိပြီး ကြံခင်းလူနာကတော့ ဆေးရုံက ဆင်းသွားပြီလို့ ခရိုင်ပြည်သူဆေးရုံအုပ်ကြီး ဒေါ်ဌေးဌေးလှိုင်က ပြောပါတယ်။
ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံမှာ လက်ရှိ သံသယလလူနာ ၃ ဦးကိုလည်း စောင့်ကြည့်ကုသပေးနေတယ်လို့ ဆိုပါတယ်။
သန်းထိုက်မြင့်










