DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် quarantine စင်တာမှ ထွက်ပြေးသွားသူကို တာဝန်ရှိသူများ ရှာဖွေ
DVB
·
September 19, 2020
လောင်းလုံးမြို့နယ် quarantine စင်တာမှ ထွက်ပြေးသွားသူကို တာဝန်ရှိသူများ ရှာဖွေ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ quarantine စင်တာက စက်တင်ဘာ ၁၇ ရက်နေ့က ထွက်ပြေးသွားသူကို ပြန်ရှာမတွေ့သေးဘဲ ဆက်လက်ရှာဖွေနေတယ်လို့ စခန်းတာဝန်ခံ ဦးသန့်လွင်က ပြောပါတယ်။

ထိုင်းနိုင်ငံမှပြန်လာတဲ့ အဲဒီအမျိုးသားဟာ အင်းဇောက်ကျေးရွာအုပ်စု ကုန်းဇရပ်ရွာသားဖြစ်ပြီး စက်တင်ဘာ ၇  ရက်နေ့က quarantine စဝင်တယ်လို့ ဆိုပါတယ်။ 

သူဟာ နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုရှိတာကြောင့် ရဲခေါ်ပြီး ထိန်းရတာတွေလည်းရှိတယ်လို့ စခန်းတာဝန်ခံဦးသန့်လွင်က ပြောပါတယ်။

“၁၀ ရက်လောက်ကြာမှ ဆေးစစ်ဖို့ နမူနာယူတယ်၊ နောက်နေ့မှာပဲ ထွက်ပြေးသွားတယ်၊ သူ့ညီလေး ဖုန်းဆက်ပြောမှ ထွက်ပြေးမှန်း သိရတယ်။ အဝတ်အိတ်တွေ ထားခဲ့တယ်၊ မနက်စာစားပြီး ၈ နာရီလောက်က ထွက်သွားတယ်လို့ သိရပါတယ်။ ဘယ်ကနေ ထွက်သွားမှန်း မသိဘူး၊ ဂိတ်လည်းရှိတယ်။ ဂိတ်‌ပေါက်ကနေ ထွက်လာတာလည်း မတွေ့ရဘူး။ အုတ်တံတိုင်းကျော်ပြီး ထွက်သွားတာ ဖြစ်မယ်။”

ထွက်ပြေးသွားသူကို မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတွေက လိုက်ရှာနေပြီး တွေ့ရှိပါက စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်ကပြန်လာ‌သူတွေ သတင်းမပို့ဘဲ အိမ်မှာနေတဲ့သူတွေလည်း ရှိသလို quarantine ဝင်ဖို့ပြောဆိုရာမှာ လက်မခံချင်ဘဲ Home quarantine ပဲ ဝင်မယ်လို့ ပြန်လည်ပြောဆိုတာတွေရှိတာကြောင့် စည်းကမ်းထိန်းသိမ်းရေးပိုင်းမှာ အဓိက အခက်အခဲရှိတယ်လို့ ဦးသန့်လွင်က ပြောပါတယ်။

“အရက်ခိုးသောက်တာတို့ အရက်လာပို့တာတို့ ရှိတယ်။ တခါတလေ ပစ္စည်းတွေလာပို့ရင် အစ်ကိုတို့ စစ်ဖို့က အဆင်မပြေဘူး။ ကိုယ့်လက် ကိုယ့်ခြေနဲ့ သွားယူဖွင့်ကြည့်လို့မရဘူးလေ။ ထိန်းရကျောင်းရတာ အခက်အခဲရှိတာပေါ့နော်။”

လောင်းလုံးမြို့နယ် မိုးကုတ်ရိပ်သာ quarantine စခန်းမှာ ၄၁ ဦးရှိပြီး ဒီနေ့အထိ positive အဖြေထွက်သူ မရှိသေးဘူးလို့ သိရပါတယ်။

ကောင်းထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013