DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပြဿနာကို မီးလောင်ရာလေပင့်မလုပ်ရန် မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြော
DVB
·
September 16, 2020
ရခိုင်ပြည်နယ် ပြဿနာကို မီးလောင်ရာလေပင့်မလုပ်ရန် မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြော
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အပြုသဘောမဆောင် ချဲ့ကားပြောကြားမှု ပြုလုပ်တာဟာ ပြဿနာကို ပိုမိုဆိုးရွားစေဖို့ မီးလောင်ရာလေပင့်ပြုလုပ်ခြင်းဖြစ်တယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

စက်တင်ဘာ ၁၄ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့  (၄၅) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးရာမှာ မြန်မာကိုယ်စားလှယ်က ပြောကြားခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် မကြုံစဖူး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အစိုးရအနေနဲ့ ကပ်ရောဂါကို တုံ့ပြန်ရာမှာ မည်သူတစ်ဦး တစ်ယောက်မျှ ကျန်ရစ်မှုမရှိစေရေး မူအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။

 ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးလည်း  အမြဲတမ်းကိုယ်စားလှယ်က ၂၀၁၆ နဲ့ ၂၀၁၇မှာ ဖြစ်ပွားခဲ့တဲ့ အာဆာအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံတော်မှ ရေရှည်တည်မြဲတဲ့ အဖြေရရှိရေး ဆောင်ရွက်နေတဲ့အပေါ် လမ်းကြောင်းလွဲသွားစေဖို့ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုတွေဖြစ်ကြောင်း၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ် စေခဲ့ကြောင်း၊ တပ်မတော်နဲ့ အေအေအကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွားတာကြောင့် အခြေအနေ ပိုမိုဆိုးရွားနေကြောင်းနဲ့ WFP၊ ICRCနဲ့ ဒေသခံ NGOs တွေရဲ့ကူညီပံ့ပိုးမှုနဲ့ ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနေကြောင်းလည်း ပြောပါတယ်။

နေရပ်စွန့်ခွာတွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်ပြီးလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရမှာ ပိုမိုလွယ်ကူစေဖို့ UNHCR ၊ UNDP နဲ့ အာဆီယံတို့နဲ့  ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် လွန်ကဲတဲ့ နိုင်ငံရေးဖိအားပေးမှုတွေကို ရှောင်ရှားရန်လိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်မှန်တဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ အပြုသဘောဆောင်တဲ့ ထိတွေ့မှုနဲ့ကူညီဖို့လည်း မြန်မာကိုယ်စားလှယ်က တိုက်တွန်းပြောသွားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီး မစ်ရှဲလ်ဘက်ချလက်ကတော့ လက်ရှိ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်၊ ချင်း၊ မြို၊ ဒိုင်းနက်နဲ့ ရိုဟင်ဂျာ အသိုက်အဝန်းဟာ ပိုမိုထိခိုက်နေရပြီး အရပ်သား သေဆုံးဒဏ်ရာမှုတွေကလည်း ပိုတိုးလာတဲ့ အကြောင်း၊ မကြာသေးခင်လတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မီးလောင်တဲ့ နေရာတွေကို ဂြိုဟ်တုကနေရော မျက်မြင်တွေထံကပါ သိရှိရတဲ့အကြောင်းနဲ့ ရိုဟင်ဂျာတွေ နေခဲ့တဲ့ကျေးရွာတွေ ရဲ့ အမည်ကို တရားဝင် မြေပုံကနေ ဖယ်ရှားတာ ရှိနေတယ်လို့  ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ နေရပ်စွန့်သွားသူတွေ ဂုဏ်ရှိရှိနဲ့ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လက်တွေ့လုပ်ဖို့နဲ့ နိုင်ငံတကာတရားစီရင်ရေး အဖွဲ့အစည်းတွေ၊ စုံစမ်းရေးအဖွဲ့တွေနဲ့အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ခရီးသွားလာမှုနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေဟာ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ အတားအဆီးဖြစ်နေကြောင်းနဲ့ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ ကတိပြုထားတဲ့ ဒီမိုကရေစီစံနှုန်းတွေကို ပြသဖို့ သက်ဆိုင်သူအားလုံးအတွက် အရေးပါတဲ့ အခွင့်အလမ်းဖြစ်တယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီးက ပြောပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ Progressive Voice အဖွဲ့က ဒေါ်ခင်ဥမ္မာကတော့ ကိုဗစ် ကပ်ဘေးနဲ့  တမ္ဘာလုံးမှာ အပစ်ရပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တောင်းဆိုထားပေမဲ့ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းစစ် အပြင်းအထန်  ဆက်ဖြစ်နေလို့ အကျိုးဆက်ကို ဒေသခံ တိုင်းရင်းသားတွေခံစားနေရကြောင်း၊ ဩဂုတ်လမှာ အစိုးရက ငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့ပေမဲ့  အားလုံးပါဝင်မှုမရှိသလို  ငြိမ်းချမ်းရေး အတွက် စစ်မှန်တဲ့ ခြေလှမ်းတွေ မရခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်တဲ့အတွက်  မြန်မာနိုင်ငံ  အနှံ့အပြားမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဆက်ဖြစ်နေတဲ့ အကြောင်းပြောပါတယ်။ 

ဒါ့အပြင် ခွဲခြားဆက်ဆံတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကြောင့် ရိုဟင်ဂျာတွေဟာ မဲပေးခွင့် မရသလို ရွေးကောက်ပွဲမှာ အရွေးခံခွင့် မရကြောင်းနဲ့ အလားတူ  မွတ်ဆင်လင်တွေ၊ ဒုက္ခသည်တွေ၊ ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ်က အိုင်ဒီပီတွေ လူဦးရေ အများကြီးဟာလည်း  ဆန္ဒမဲပေးနိုင်ဖို့ မရှိဘူးလို့ လည်း ဒေါ်ခင်ဥမ္မာက အစည်းအဝေးမှာ ပြောပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013