DVB Logo
Home
မြန်မာသတင်း
ရွှေလီမြို့ကို Lockdown လုပ်ထားသဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်
DVB
·
September 15, 2020
ရွှေလီမြို့ကို Lockdown လုပ်ထားသဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်
Donate to DVB

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရှိခဲ့လို့ ရွှေလီမြို့ကို Lockdown ပြုလုပ်ထားတာကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်ကျဆင်းမှု ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရွှေလီမြို့မှာ အခုလ ၁၂ ရက်နေ့က ပိုးတွေ့လူနာကို တွေ့ရှိခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်ကနေစပြီး ရွှေလီမြို့ကို သီတင်းပတ် တစ်ပတ်ခန့်ကြာ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင်ကို ရွှေလီတစ်မြို့လုံးကိုလည်း Stay at Home (Q) ဝင်ကြဖို့လည်း ကြေညာထားတာပါ။

လက်ရှိ မူဆယ်မြို့ရဲ့ ကုန်သွယ်ရေးအခြေအနေနဲ့ပတ်သက်ပြီး မြို့ခံစိုင်းခိမ်ခမ်းက “သူတို့ လော့ဒေါင်းချပြီးတဲ့နောက် ဒီကနေ့ ကုန်ပစ္စည်းတွေ ဝင်လာလို့မရဘူးလို့ သိရတယ်ခင်ဗျ။ ခါတိုင်း ဆိုရင် နှစ်နိုင်ငံ အဝင်အထွက်ပစ္စည်းတွေကို စစ်ဆေးရတယ်လေ။ သူတို့ ဘက်က လော့ဒေါင်းချပြီး စစ်ဆေးရေးဘက်က အလုပ်မဆင်းရင်တော့ ကုန်ပစ္စည်းအဝင်အထွက်လုပ်လို့ မရဘူးပေါ့။ ဒီလို အချိန်မှာ အရောင်းအဝယ်တွေ ခါတိုင်းထက်ပိုကျသွားမှာကတော့ သေချာတယ်”လို့ ပြောပါတယ်။

မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ  ဦးသောင်းထွန်းကတော့ နယ်စပ်ကုန်သွယ်မှုတွေ ကျဆင်းသွားဖွယ်ရှိတယ်လို့ ပြောပါတယ်။ 

“တရုတ်ဘက်က အဝင်အထွက်ပိတ်ထားတော့ မူဆယ်မှာ အရောင်းအဝယ်သက်ရောက်မှု ရှိတာတော့ကြာပြီပေါ့နော် မနေ့က သူတို့မြို့ကို လော့ဒေါင်းချလိုက်တာတော့ ကုန်စည်း ပို့ဆောင်စီးဆင်းမှုက တော်တော်လေးပြန်ရပ်သွားမယ်။ ကားအဝင်အထွက်ကိစ္စတွေ တော်တော် ရပ်သွားမယ်ထင်တယ်ဗျ။ ” 

ရွှေလီမှာ ရောဂါပိုးစစ်ဆေးပြီးမှသာ ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့သိရပြီး၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားတာကြောင့်နှစ်နိုင်ငံကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မှုတွေ ရပ်ဆိုင်း  သွားတာဖြစ်ပါတယ်။

မူဆယ်နယ်စပ်ဂိတ်မှာတော့ ကုန်ကားတွေကို ပုံမှန် သွားလာခွင့်ပြုထားပြီး ကြယ်ဂေါင်အထိ ဝင်ရောက် သွားလာနိုင်တယ်လို့သိရပါတယ်။ 

ရွှေလီနဲ့ကပ်နေတဲ့ မူဆယ်မြို့ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး မူဆယ် ဒေသခံ SNLD လွှတ်တော်အမတ် စိုင်းကျော်သိန်းကလည်း “နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ လူဝင်လူထွက်ပိတ်ထားတာ တော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကပါပဲ။ တဘက်နိုင်ငံက လွှဲပေးတဲ့ လွတ်ရက်စေ့အကျဉ်းသားတွေပဲ ဝင်လာလို့ရတယ်။ ကုန်ပစ္စည်းတွေတော့ ပို့လို့ရတယ်။ ဒီဘက်က ကုန်ကားကို နယ်စပ်ဂိတ်ထိ မောင်းသွားပြီး ဟိုဘက်ကနေ ကုန်ကားကို လာမောင်းသွားတယ်။ ပြီးရင် ကားအလွတ်ကို ပြန်လာ ပို့တယ်။ မူဆယ်ဘက်မှာ ပိုးတွေ့ သူကတော့ ကွာရန်တင်းစင်တာက ဖြစ်လို့ မြို့သူမြို့သားတွေ အနေနဲ့ အထူးတုန်လှုပ်သွားတာ တော့မရှိပါဘူးခင်ဗျာ၊ ဒါပေမဲ့ ရောဂါကာကွယ်ရေးကိုတော့ ပေါ့ဆလို့မရဘူးပေါ့ ”လို့ ပြောပါတယ်။

မူဆယ်မြို့မှာ ကွာရန်တင်းဝင်နေတဲ့ တရုတ်ပြည်က ပြန်ရောက်လာသူ တစ်ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့တယ်လို့ မူဆယ်ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က ပြောထား ပါတယ်။ 

သတင်း- စိုးချစ်ချစ်ပိုင်/ နန်းမြနဒီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013