DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် အန်အယ်လ်ဒီပါတီက ဒေသအချို့တွင် မဲဆွယ်စည်းရုံးမှုများ ခေတ္တရပ်နား
DVB
·
September 15, 2020
ကိုဗစ်-၁၉ ကြောင့် အန်အယ်လ်ဒီပါတီက ဒေသအချို့တွင် မဲဆွယ်စည်းရုံးမှုများ ခေတ္တရပ်နား
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလာတာကြောင့် ဒေသတချို့မှာ မဲဆွယ်စည်းရုံးမှုတွေကို ခေတ္တရပ်နားဖို့ နဲ့ ဝန်းရံပြည်သူလိုက်ပါမှု အရေအတွက် လျှော့ချနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သက်ဆိုင်ရာဒေသ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေထံက သိရပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အခု လ ၈ ရက်နေ့က စတင်ခွင့်ပြုထားပြီး အာဏာရအန်အယ်လ်ဒီပါတီအနေနဲ့ ၈ ရက်နေ့ထဲက စတင် ဆောင်ရွက်ခဲ့တာပါ။

ကိုဗစ်ကာလအတွင်း မဲဆွယ်မှုတွေမှာ ဝန်းရံပြည်သူတွေ လိုက်ပါမှုများပြားလွန်းတဲ့ အတွက်လည်း ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ 

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်က အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာ ၁၄ ရက်က စတင်ပြီး ခေတ္တရပ်နားထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အန်အယ်လ်ဒီပါတီက ဝန်းသို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေစိုးအောင် က “ကျနော်တို့ မြို့နဲ့ ကပ်ရပ် ကောလင်းနဲ့ အင်းတော်နဲ့ ကောလင်းမြို့မှာက တစ်ယောက် ပေါ့စတစ် ပေါ်တယ်။ အင်းတော်ဘက်မှာလည်း ပေါ့စတစ်တစ် ယောက်ပေါ်တယ်။ ဒါ့အပြင် ကောလင်းက ပေါ့စတစ်သမားနဲ့ သူက ရန်ကုန်ကပြန်လာတာကိုး၊ ပြန်လာတော့ သူနဲ့ ကားတစ်စီးတည်း တူတူစီး လာတဲ့ ခရီးသည်ထဲမှာ ကျနော်တို့ ဝန်းသိုက လေးယောက်က ပါလာတယ်။ ပါလာတော့ လောလောဆယ်တော့ အဲ့ဒီ လေးယောက် အပါအဝင် သူတို့ရဲ့ မိသားစုတွေကို ကျနော်တို့က ကွာရန်တင်းထားထားတာပေါ့၊ ကျနော်တို့ကတော့ ဒီလိုအချိန်မှာ လူစုလူဝေးမဖြစ်စေချင်တဲ့အတွက် မဆင်းဘူးဗျ။ ရပ်ထားတဲ့သဘောပါ ” လို့ ပြောပါတယ်။

အတည်ပြုလူနာတွေ့ရှိရတဲ့ ကောလင်းမြို့နယ်မှာလည်း Stay at Home အဖြစ် စက်တင်ဘာ ၁၃ ရက်က စတင်သတ်မှတ်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းပြီး မဲဆွယ်မှုတွေကို ခေတ္တရပ်နားထားတယ်လို့လည်း မြိုန့ယ်ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းကိုက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှာတော့ မဲဆွယ်စည်းရုံးမှုတွေကို ရပ်နားမှာ မဟုတ်ပေမယ့် ဝန်းရံပြည်သူတွေ လိုက်ပါမှုကိုတော့ ခေတ္တရပ်နားပေးဖို့ သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်က လူမှုကွန်ယက်ကတဆင့် ပန်ကြားထားပါသေးတယ်။

ကန်ကြီးထောင့်မြို့နယ် ကိုယ်စားလှယ်တွေအနေနဲ့ စက်တင်ဘာ ၁၆ ရက်က စတင်ကာ တိုက်နယ် ၉ ခု ကို အစုအဖွဲ့ ၉ ဖွဲ့နဲ့ အိမ်တိုင်ရာရောက် မဲဆွယ်မှုတွေ စတင်ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေယံအောင်က “၈ ရက်နေ့က စပြီး ပြည်သူတွေရဲ့ ဝန်းရံမှုက အရမ်းကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ လူ ၅၀ ပဲ စည်းရုံးခွင့်ရှိတယ်ဆိုပေမယ့် ပြည်သူတွေက နေရာတိုင်းမှာပဲ အရမ်းဝန်းရံ နေကြတော့ ကျန်းမာရေးအန္တရာယ်ကို စိုးရိမ်တယ်ပေါ့။ စိုးရိမ်တဲ့အတွက် မြို့နယ်အောင်နိုင်ရေး ကနေ ပြီးတော့ ဘယ်လိုစီစဉ်လိုကလဲ ဆိုတော့ ဒီတိုက်နယ် ၉ ခုဆီကို အစုအဖွဲ့တွေ ဖွဲ့ပြီး ကျနော်တို့က တစ်အိမ်တက် တစ်အိမ်ဆင်း မဲအသိပညာပေးမှုတွေလုပ်မယ်ပေါ့။ အဲ့လို လုပ်လိုက်တယ်ဆိုရင် အောင်နိုင်ရေးအတွက်လည်း ထိရောက်မယ်။ နောက်တစ်ခါ လူစုလူဝေး ပြဿနာကိုလည်း ဖြေရှင်းနိုင်မယ်ပေါ့ ။” လို့ ပြောပါတယ်။

မဲဆွယ်စည်းရုံးမှုတွေကို ခေတ္တရပ်နားထားတာကတော့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ် တချို့မှာ ဖြစ်ပြီး အခြားဒေသတွေမှာတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်တယ်လို့ ဆိုပါတယ်။ 

အခု ရပ်နားထားတဲ့ မြို့နယ်တွေမှာလည်း လူထုနဲ့တွေ့ဆုံပြီး မဲဆွယ်မှုတွေကို ရပ်နား ထားတယ်ဆိုပေမယ့် ရုံးအတွင်း မဲဆွယ်စည်းရုံးရေးသင်တန်းတွေ၊ ရုံးလုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013