ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းနေရာကို အီတလီအသင်းနဲ့ အစားထိုးဖို့ အကြံပြုချက်ဟာ မဖြစ်နိုင်သလို မသင့်တော်ဘူးလို့ အီတလီ အားကစားဝန်ကြီး အန်ဒရီယာအဘိုဒီက ပယ်ချလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် ပါအိုလိုဇမ်ပိုလီက ဒီကိစ္စကို ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌဆီ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အီတလီကို အစားထိုး ဝင်ခွင့်ပေးဖို့ဆိုတာ လက်တွေ့မကျသလို ခြေစစ်ပွဲဆိုတာ ကွင်းထဲမှာပဲ အဖြေရှာရမှာဖြစ်တယ်လို့ အားကစားဝန်ကြီးက Sky News ကို ပြောပါတယ်။
အီတလီ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကလည်း ကမ္ဘာ့ဖလားဆိုတာ ကြိုးစားအားထုတ်ပြီးမှ သွားရမှာဖြစ်လို့ အခုလို အခွင့်အရေးပေးခံရရင်တောင် စိတ်ပျက်မိမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အီရန်အသင်း တာဝန်ရှိသူတွေဟာ ဖီဖာရဲ့ ပြိုင်ပွဲပြင်ဆင်ရေး အစည်းအဝေးတွေကို တက်ရောက်နေပြီး ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ တောင်းဆိုထားတာမျိုး မရှိသေးပါဘူး။










