
မကွေးတိုင်း၊ မကွေးမြို့နယ်နဲ့ မင်းလှမြို့နယ်တို့က အမျိုးသား ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးပြည်သူ့ ကျန်မာရေးဦးစီးဌာနက သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်တဲ့ လူနာသစ် ၂၃ ဦးစာရင်းမှာ ပါဝင်လာတာလို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
“နေပြည်တော်ကပြန်လာတဲ့ အမျိုးသားတဦး အနံ့ပျောက်လို့ဆိုပြီး မကွေးပြည်သူ့ဆေးရုံမှာ စောင့်ကြည့် သံသယလူနာအဖြစ်ကုသပေးနေစဉ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မင်းလှမြို့နယ် လင်းကယ်တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ရန်ကုန်ပြန် အမျိုးသားတဦးကိုလည်း ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး မင်းလှမြို့နယ်အနေနဲ့ ပထမဆုံးတွေ့ရှိတာလို့ ဆိုပါတယ်။
“မင်းလှမြို့နယ် အတည်ပြုလူနာဟာ ရန်ကုန်က ပြန်လာတာဖြစ်ပြီး နေအိမ်မှာ Quarantine နေရာကနေ ကျန်းမာရေးမကောင်းလို့ ဆေးရုံမှာ သံသယလူနာအဖြစ် တက်ရောက်ကုသစဉ် ရေဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး မကွေးပြည်သူ့ဆေးရုံမှာ ကုသပေးဖို့ စီစဉ်နေတယ်” လို့ ပြောပါတယ်။
မကွေးတိုင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၁၀ ဦးတွေ့ရှိပြီး ၃ ဦးကတော့ ရောဂါပိုးကင်းစင်သွားပြီလို့ တိုင်းဒေသကြီး ပြည်သူ့ကျန်မာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး










