
ကိုဗစ်-၁၉ လူနာသစ် ၁၄၂ ဦး ထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၂,၁၅၀ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ ထပ်မံထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁,၀၂၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၇၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၃၉၂ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၂၅၅ ခု စုစုပေါင်း ၂,၀၄၇ ခုကို ဒီနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၄၂ ဦး တွေ့ရှိရတာပါ။
စက်တင်ဘာ ၁၀ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၁၅၀ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၂၉ ဦးရှိပါတယ်။










