
ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရောဂါအခံရှိသူ ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ပိုးတွေ့လူနာသစ် အယောက် ၁၂၀ ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
ဓာတ်ခွဲနမူနာ ၂,၁၈၉ ခုတို့ ဒီနေ့မနက် ဒုတိယသုတ်အဖြစ် ထပ်မံစစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၂၀ ဦးတွေ့ရှိခဲ့တာပါ။
ပိုးတွေ့လူနာတွေကတော့ ရန်ကုန်တိုင်း မြို့နယ် ၂၄ ခုက ၅၁ ဦး၊ ရခိုင်ပြည်နယ်က ၄၆ ဦး၊ မန္တလေးတိုင်းက ၂ ဦး၊ စစ်ကိုင်းတိုင်းက ၁ ဦး၊ ဧရာဝတီတိုင်းက ၉ ဦး၊ မကွေးတိုင်းက ၃ ဦး၊ ကချင်ပြည်နယ်က ၁ ဦး၊ မွန်ပြည်နယ်က ၃ ဦး၊ နေပြည်တော်က ၄ ဦး၊ စုစုပေါင်း ၁၂၀ ဖြစ်ပါတယ်။
ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနမှာ ကုသနေတဲ့ အသက် ၅၅ နှစ်အရွယ် ဆီးချိုနဲ့ သွေးတိုးရောဂါအခံရှိသူ လူနာအမျိုးသမီး အမှတ် ၁၅၉၀ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး ရုတ်တရက်နှလုံးရပ်တာကြောင့် မနေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အသက် ၄၅ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ လူနာ အမျိုးသားအမှတ် ၁၄၉၁ ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာ၊ နှလုံးကြွက်သားရောင်ရမ်းတာကြောင့် ဒီနေ့မနက်အစောပိုင်း ၂:၅၀ နာရီ အချိန်မှာ သေဆုံးသွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ညက ဓာတ်ခွဲနမူနာ ၁,၂၂၆ ခု စစ်ဆေးရာမှာလည်း ရန်ကုန်တိုင်းကအယောက် ၃ေ၊ ရခိုင်ပြည်နယ် စစ်တွေက ၂၇ ဦး၊ မင်းပြားက ၅ ဦး၊ မောင်တောက ၃ ဦး၊ ပေါက်တောက ၅ ဦး၊ ပုဏ္ဏားကျွန်းက ၄ ဦး၊ မန္တလေးတိုင်း မြင်းခြံက ၂ ဦး၊ အမရပူရက ၁ ဦး၊ မွန်ပြည်နယ် မော်လမြိုင်က ၄ ဦး၊ ဧရာဝတီတိုင်း ငွေသောင်ယံက ၁ ဦး စုစုပေါင်း လူနာသစ် ၈၂ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀၉ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၅၅၃ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆၇ ဦး ရှိပါတယ်။










