DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၂၁  မြို့နယ်၌   Stay at Home အမိန့်ထုတ်ပြန် 
DVB
·
September 9, 2020
ရန်ကုန်တိုင်း ၂၁  မြို့နယ်၌   Stay at Home အမိန့်ထုတ်ပြန် 
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ၂၁   မြို့နယ်ကို    Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၉ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

အဆိုပါမြို့နယ်တွေကတော့ တောင်ဥက္ကလာပ၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ လှိုင်သာယာ၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ရန်ကင်း၊ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊  ဒဂုံမြို့သစ် အရှေ့ပိုင်း၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်းမတော်နဲ့ လှည်းကူးမြို့နယ်တွေ ဖြစ်ကြပါတယ်။ 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ ထပ်မံတွေ့ရှိရတာ၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိတဲ့ လူနာတွေ များပြားလာတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့  အဆိုပါ မြို့နယ်တွေမှာနေထိုင်တဲ့ ပြည်သူတွေ မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ဖို့ လိုအပ်တယ်လို့ လည်းဆိုပါတယ်။ 

Stay at Home အမိန့်အရ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေကလွဲပြီး ကျန်သူတွေအိမ်မှာပဲနေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲသွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။

တခြားအရေးပေါ်ကိစ္စတွေနဲ့ သွားလာဖို့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းဖို့ ခွင့်ပြုချက်ယူဖို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့  တာဝန်ထမ်းဆောင်ဖို့ သွားလာသူတွေကလွဲပြီး ရပ်ကွက်ပြင်ပမှ လည်းကောင်း ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်ထွက်သွားလာတာတွေ ခွင့်မပြုဖို့လည်း ညွှန်ကြားထားပါတယ်။

ဒီအမိန့်ဟာ စက်တင်ဘာ ၁၀ ရက်  မနက် ၈ နာရီစတင်သက်ရောက်မှာ ဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း ရန်ကုန်တိုင်းက ၇ မြို့နယ်ဖြစ်တဲ့   သင်္ကန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာဒုံ မြို့နယ်တို့ကို  Stay at Home အစီအစဉ်ထုတ်ပြန်ထားတဲ့တွက် ရန်ကုန်တိုင်းမှာ Stay at Home   အကျုံးဝင်တဲ့ မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိသွားပြီဖြစ်ပါတယ်။

အလားတူ ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံးမှာလည်း   Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။

ခုအချိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးလှည့်လည်မှုတွေ ဆောင်ရွက်နေချိန်ဖြစ်ပြီး  Stay at Home အစီအစဉ် သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ လည်း ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013