DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကအများစုအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၈ ဦးထပ်တွေ့၊  သေဆုံးသူ ၂ ဦးထပ်တိုး 
DVB
·
September 9, 2020
ရန်ကုန်ကအများစုအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၈ ဦးထပ်တွေ့၊  သေဆုံးသူ ၂ ဦးထပ်တိုး 
Donate to DVB

ကိုဗစ်-၁၉  ရောဂါလူနာသစ် ၉၈ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး ရောဂါကူးစက်ခံ လူနာ ၂ ဦး ထပ်မံသေဆုံးသွားကာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ အတည်ပြုလူနာ (Case – 885) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက်ပျက်စီးတဲ့ ရောဂါနဲ့ စက်တင်ဘာ ၉ ရက် မနက် ၃ နာရီခွဲလောက်က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၅၇) နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အတည်ပြုလူနာ (Case – 1692) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးတဲ့ ရောဂါနဲ့ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီ ၅ မိနစ်မှာ  သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီမနက်ထုတ်ပြန်တဲ့ လူနာသစ် ၉၈ ဦးကတော့ ရန်ကုန်တိုင်းက ၉၃  ဦး၊ ရခိုင်ပြည်နယ် စစ်တွေက ၁ ဦး၊ ကချင်ပြည်နယ် ဖားကန့်က ၁ ဦး၊ ပဲခူးတိုင်း ကဝမြို့နယ်က ၁ ဦး၊ မိုးညိုမြို့နယ်က ၁ ဦး၊  နေပြည်တော်က ၁  ဦးတို့ ဖြစ်ကြပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၇၇၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ၁၈၄ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ၃၀ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၀၈၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၉၈ ဦး တွေ့ရှိရတာပါ။

မနေ့ညကလည်း အတည်ပြုလူနာသစ် ၉၉ ဦးတွေ့ရှိပြီး မော်လမြိုင်ဆေးရုံမှာ တက်ရောက်နေတဲ့ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ (Case – 1629) နဲ့ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၈၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ (Case – 1485)တို့ သေဆုံးသွားတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ  ၉ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၁,၈၀၇ ဦး၊ သေဆုံးသူပေါင်း  ၁၂ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၄၆၀ ဦး စောင့်ကြည့်လူနာအသစ် ၁၈၈ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013