DVB Logo
Home
မြန်မာသတင်း
ကိုဗစ် -၁၉ ကြောင့် ပါတီမဲဆွယ်စည်းရုံးလှုပ်ရှားမှု အခက်အခဲဖြစ်ဟု ရှမ်းပါတီများပြော 
DVB
·
September 8, 2020
ကိုဗစ် -၁၉ ကြောင့် ပါတီမဲဆွယ်စည်းရုံးလှုပ်ရှားမှု အခက်အခဲဖြစ်ဟု ရှမ်းပါတီများပြော 
1 / 2
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ဒီကနေ့မနက်ကစတင် မဲဆွယ်စည်းရုံးခွင့်ပြုလိုက်ပေမယ့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စည်းရုံးရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ရှမ်းပါတီတွေက ပြောပါတယ်။ 

ကပ်ရောဂါကြောင့် Stay at Home အိမ်မှာပဲနေဖို့ ညွှန်ကြားထားတဲ့မြို့တွေမှာ စည်းရုံးရေးလုပ်ဖို့ခက်ခဲသလို ပြည်နယ်တခုကနေ တခုကို ကူးသန်းသွားလာမှုအခက်အခဲနဲ့ လူစုလူဝေးလုပ်ရတဲ့ အခက်အခဲတွေ လည်းရှိနေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ 

“Stay at home ညွှန်ကြားထားတဲ့မြို့တွေမှာ စည်းရုံးရေးဆင်းရခက်သလို ပြည်နယ်ကြား ခရီးသွားလာမှုက အကန့်အသတ်ရှိနေတယ်။ လူစုလူဝေးလည်း အရင်လိုရာနဲ့ထောင်နဲ့ချီ  ဟောပြောပွဲတွေ လုပ်လို့မရတော့ဘူးလေနော်။ ဒါပေမဲ့ ဒီအခက်အခဲတွေကြားကနေ ကျနော်တို့ပါတီ အနိုင်ရရေးကြိုးစားပါမယ်။ အဓိကကတော့ လူမှုကွန်ရက်နဲ့ မီဒီယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုမယ်။ ပါတီအားပေးတဲ့သူတွေ ပရိုဖိုင်းပုံ ပြောင်းတာ ပါတီသီချင်းတွေ တင်တာ၊  ဗွီနိုင်း ဆိုင်းဘုတ်ထောင်တာ၊၊ တအိမ်တက်ဆင်းစ တစ်ကာကပ်တာ၊ ပါတီမူဝါဒနဲ့ ကိုယ်စားလှယ်လောင်း ကိုယ်ရေးရာဇဝင်ပါ  လက်ကမ်းစာစောင်ဝေငှတာတွေပေါ့ နိုင်သလောက်လုပ်သွားမှာ ပါခင်ဗျ ”

SNLD ပါတီဟာ ကချင်၊ ကယားနဲ့ ရှမ်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၄၅ ခုမှာ ကိုယ်စား လှယ်လောင်း ၁၃၁ ဦးနဲ့ ယှဉ်ပြိုင်အရွေးခံသွားမှာဖြစ်ပါတယ်။

မူလက ရွေးကောက်ပွဲကော်မရှင်ထံမှာ ကိုယ်စားလှယ်လောင်း ၁၃၂ ဦးအဆိုပြုထားပေမယ့် မိုးမိတ်က ကိုယ်စားလှယ်လောင်းဟာ နိုင်ငံခြားကနေပြန်လာပြီး ပြည်တွင်းမှာနေထိုင်တာ ၁၀ နှစ်မပြည့်သေးလို့ အပယ်ခံခဲ့ရတာပါ။ 

သူတို့ပါတီဟာ တိုင်းရင်းသားတန်းတူညီမျှရေး၊ တိုင်းရင်းသားလူမျိုးတိုင်းမိမိကြမ္မာဖန်တီး ခွင့်ရရေးဆိုတဲ့ မူဝါဒကို အခြေခံတာကြောင့် ပါတီကိုယ်စားလှယ်လောင်းတွေထဲမှာ ရှမ်းလူမျိုးအပြင် ဗမာ၊ ကချင်၊ လားဟူ၊ ပလောင်၊ ရှမ်းနီ၊ ကရင်စတဲ့ လူမျိုးတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ 

တိုင်းရင်းသားလူမျိုးတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ကဏ္ဌတွေမှာ ဟန်ချက်ညီ  ဖွံဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် SNLD ပါတီကိုအားပေးဖို့ ဦးစိုင်းလိတ်က ပြောပါတယ်။ 

အလားတူ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကလည်း ကိုဗစ်-၁၉ ကြောင့် ပါတီမဲဆွယ်စည်းရုံးရေးအခက်ဖြစ်နေရသလို ခွင့်ပြုချက်တောင်းဖို့ အခုမှ အဆောတလျင်လုပ်နေရတယ်လို့  ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းဘိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးမှာ ညွှန်ကြားချက်တွေ အများကြီးရှိတယ်။ အဲဒီထဲမှာ ပါတီမဲ ဆွယ်စည်းရုံးရေးလုပ်ဖို့လည်း အခက်အခဲတွေဖြစ်နေတာပေါ့ခင်ဗျ။ ကမ်ပိန်းလုပ်ခွင့်လည်း မနေ့ကမှ ကျလာတယ်ဆိုတော့ မြို့နယ်အသီးသီးမှာ ခွင့်ပြုချက်ရဖို့ကလည်း ခုမှအဆော တလျင် တင်ရတာပေါ့။ ကျနော်တို့က အခုမှခွင့်ပြုချက်တင်မလို့ဟာ အင်အားကြီးပါတီတွေက စောစော ကြိုသိပြီးလုပ်နေကြပြီ၊ အရင်လို နယ်မြေထဲဆင်းပြီး လူစုလူဝေးတွေ လုပ်လို့မရတော့ ဆိုရှယ်မီ ဒီယာကိုဘဲ အားကိုးရမယ်။ ပြီးတော့ မော်တော်ကားမှာ လော်စပီကာတပ်ပြီး တလမ်းဝင် တလမ်း ထွက် လိုက်စည်းရုံးတာတွေဘဲ လုပ်နိုင်မယ်။”

SNDP ပါတီမှာ ကိုယ်စားလှယ်လောင်း ၁၀၈ ဦးရှိပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၃၇ မြို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

SNDP  ပါတီအနိုင်ရရင် အခြားမိတ်ဖက်တိုင်းရင်းသားပါတီတွေနဲ့ပေါင်းပြီး ရှမ်းပြည်နယ် အစိုးရဖွဲ့စည်းကာ ပြည်သူလူထုဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိဒေသအကျိုးနဲ့ တိုင်းရင်းသားအခွင့်အရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို သေချာလေ့လာပြီး ရွေးချယ်မဲပေးကြဖို့  ဦး စိုင်းဘိုးအောင်က တိုက်တွန်းသွားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013