
HIV နဲ့ ကင်ဆာရောဂါကုသဆေးအပါအဝင် ဆေး ၆ မျိုးကို သုတေသနလုပ်အောင်မြင်ခဲ့ပြီး မြန်မာပြည်တွင်းမှာ စမ်းသပ် ထုတ်လုပ်တော့မယ်လို့ စစ်အာဏာရှင်ရဲ့ ပြန်ကြားရေးဌာနက ဇူလိုင် ၃၁ ရက် သတင်းထုတ်ပြန်ပါတယ်။
ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနပြု စမ်းသပ်အောင်မြင်တဲ့အခမ်းအနားကို ရန်ကုန်၊ အင်းစိန်မြို့က သုတေသနဌာနမှာ ဇူလိုင် ၃၁ ရက် မနေ့က ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ခန့် ဝန်ကြီးက ပြောခဲ့တာလို့ ဆိုပါတယ်။
မြန်မာ့ဆေးဝါးလုပ်ငန်းရဲ့ သုတေသနပြု စမ်းသပ်ထုတ်လုပ်မဲ့ ဆေးဝါးအမယ်သစ် ၆ မျိုးကတော့ ဆီးချိုရောဂါ ကုသဆေး ၂ မျိုး၊ ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) ကုသဆေး ၁ မျိုး၊ အရိုးအကြောအဆစ် ရောဂါကုသဆေး ၁ မျိုး၊ ကင်ဆာရောဂါကုသဆေး ၁ မျိုးနဲ့ မေ့ဆေး ၁ မျိုး တို့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မနေ့ကမွန်းလွဲပိုင်းမှာပဲ MSME တွေ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာလွှဲပြောင်းပေးမှု အပါအဝင် ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်တဲ့ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ လုပ်ပြီး စစ်အာဏာရှင်ခန့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ စက်မှုနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားနဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးတို့ တက်ရောက် တယ်လို့လည်း ဖော်ပြပါတယ်။
ဒီဆေးတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖော်ပြထားတာ မရှိသလို ဘယ်ဌာနက ထုတ်လုပ်မယ်၊ ပမာဏ ဘယ်လောက်ထုတ်လုပ်နိုင်မယ်၊ အများပြည်သူတွေ ဘယ်အချိန်မှာ ဝယ်ယူသုံးစွဲနိုင်မယ် ဆိုတာကိုလည်း သတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။
လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ပြည်ပက တင်သွင်းတဲ့ ဆေးဝါးတွေကိုလည်း စစ်အာဏာရှင်က ပိတ်ပင်ကန့်သတ်နေတာကြောင့် ဆေးဝါးဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပါတယ်။










