DVB Logo
Home
နိုင်ငံတကာ
HIV ကာကွယ်ဆေးသစ်တမျိုးကို အမေရိကန် FDA ယာယီခွင့်ပြု 
DVB
·
November 3, 2026
Photo:Reuters
Photo:Reuters
Donate to DVB

HIV ကူးစက်တာကို ကာကွယ်ပေးနိုင်တဲ့ ထိရောက်မှုမြင့် ဆေးဝါးအသစ်တမျိုးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ယာယီခွင့်ပြုချက်ပေးလိုက်ပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယဆေးဝါးကုမ္ပဏီ Dr. Reddy's က တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာတာဖြစ်ပြီး ဒီခွင့်ပြုချက်ကြောင့် ဝင်ငွေနည်းပါးတဲ့ နိုင်ငံအများအပြားမှာ ဆေးဝါးဖြန့်ဖြူးရောင်းချဖို့ လမ်းပွင့် သွားပြီဖြစ်ပေမဲ့ အမေရိကန်နိုင်ငံမှာတော့ လက်ရှိအချိန်အထိ ရောင်းချခွင့်မရသေးပါဘူး။

ဒါဟာ မူပိုင်ခွင့်မဲ့ဆေးဝါးဖြစ်ပြီး မူပိုင်ခွင့် ဒါမှမဟုတ် သီးသန့်ရောင်းချခွင့်ဆိုင်ရာ ကန့်သတ်ချက် တွေကြောင့် အမေရိကန်ဈေးကွက်မှာ ရောင်းချခွင့်မရသေးတာပါ။

ယာယီခွင့်ပြုချက်ဆိုတာက အမေရိကန် FDA ရဲ့ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုနဲ့ အရည်အသွေးဆိုင်ရာ စံနှုန်းအားလုံးကို ပြည့်မီတယ်လို့ အသိအမှတ်ပြုတာဖြစ်ပါတယ်။

ဒီခွင့်ပြုချက်ကိုအခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးဝယ်ယူရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတချို့ရဲ့ ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်တွေအတွက် ဆေးဝါးဝယ်ယူရေးနဲ့ မှတ်ပုံတင်ခွင့်ပြုရေး လုပ်ငန်းစဉ်တွေကို ပိုမြန်လာစေနိုင်တယ်လို့ ဆိုပါတယ်။

Dr. Reddy's ဟာ Gilead Sciences ကုမ္ပဏီနဲ့ လိုင်စင်သဘောတူညီချက်ရရှိထားတဲ့ မူပိုင်ခွင့်မဲ့ ဆေးဝါးထုတ်လုပ်သူ ၆ ခုထဲမှာ FDA ရဲ့ ယာယီခွင့်ပြုချက်ကို ပထမဆုံးရတဲ့ ကုမ္ပဏီဖြစ်လာပြီး လိုင်စင်သဘောတူညီချက်မှာပါဝင်တဲ့ ဝင်ငွေနည်းနဲ့ အလယ်အလတ်ဝင်ငွေရှိ နိုင်ငံပေါင်း ၁၂၀ မှာ ဆေးဝါးရရှိဖို့ ပိုပြီး မြန်ဆန်နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့လက်အောက်မှာ လုပ်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအေဂျင်စီ Unitaid က နည်းပညာဆိုင်ရာတာဝန်ရှိသူ Jessica Burry က တနှစ်မှာ ၂ ကြိမ်ပဲထိုးရမဲ့ Lenacapavir ထိုးဆေးရဲ့ ပထမအသုတ်ကို ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် ဝင်ငွေနည်းနိုင်ငံတချို့ဆီ စတင်ပို့ဆောင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

ဇမ်ဘီယာနိုင်ငံကတော့ ဒီဆေးကို ပထမဆုံးလက်ခံရရှိမဲ့နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာနိုင်တယ် လို့လည်း Unitaid က ဆိုပါတယ်။

Gilead Sciences ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့တဲ့ Lenacapavir ဆေးကို HIV ကာကွယ်ရေး အတွက် အခုနှစ်အစောပိုင်းမှာ Yeztugo အမှတ်တံဆိပ်နဲ့ အသုံးပြုခွင့်အတည်ပြုခဲ့ပြီး အကြီးစား လက်တွေ့စမ်းသပ်မှုတွေမှာ HIV ကူးစက်မှုကို ၁၀၀ ရာခိုင်နှုန်းနီးပါး ကာကွယ်နိုင်ခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်အရ Dr. Reddy's ထုတ်လုပ်မဲ့ဆေးရဲ့ တနှစ်စာ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄၀ လောက်ပဲ ရှိမယ်လို့ဆိုပြီး အမေရိကန်နိုင်ငံမှာ အမှတ်တံဆိပ် မူရင်း Yeztugo ဆေးရဲ့ တနှစ်စာကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၈,၀၀၀ လောက်ဖြစ်ပါတယ်။

Dr. Reddy's ကတော့ အရည်အချင်းပြည့်မီတဲ့ နိုင်ငံအားလုံးကို ၂၀၂၇ ခုနှစ်မှာ ဆေးတွေပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယဆေးဝါးကုမ္ပဏီ Hetero ကလည်း Gates Foundation နဲ့ပူးပေါင်းပြီး Lenacapavir ဆေးဝါးထုတ်လုပ်ရေးလုပ်ဆောင်နေပါတယ်။

Photo : Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013