DVB Logo
Home
မြန်မာသတင်း
တေးအယ်လ်ဘမ် ၂ ချပ်ထွက်ပြီးမှ The Voice Myanmar ပြိုင်ပွဲဝင်ခဲ့သူ ဖြိုးကျော်ထိုက် (ရုပ်သံ)
DVB
·
September 7, 2020
တေးအယ်လ်ဘမ် ၂ ချပ်ထွက်ပြီးမှ The Voice Myanmar ပြိုင်ပွဲဝင်ခဲ့သူ ဖြိုးကျော်ထိုက် (ရုပ်သံ)
Donate to DVB

       မနေ့ညက တတိယမြောက် သီတင်းပတ်အနေနဲ့ ကျင်းပတဲ့ The Voice Myanmar Season 3 မှာ အဆိုတော် ဖြိုးကျော်ထိုက်က ဝင်ရောက်ယှဉ်ပြိုင်သွားခဲ့ပြီး Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

       ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

       အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။

တကိုယ်တော် တေးအယ်လ်ဘမ် ၂ ချပ်ထွက်ရှိခဲ့ဖူးတဲ့ အဆိုတော် ဖြိုးကျော်ထိုက်ကတော့ Blind Audition အဆင့်မှာ ထိုက်ကြီးအမည်နဲ့ ပါဝင်လာခဲ့တာဖြစ်ပြီး ရော့ခ်အဆိုတော် လေးဖြူရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ အသုံးမကျတဲ့နှင်းဆီနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ Coach တွေထဲက R. ဇာနည်နဲ့ နီနီခင်ဇော်တို့က နောက်လှည့်ကြည့်ခဲ့ကြတာဖြစ်ပြီး သူကတော့ R. ဇာနည်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

ခုတပတ်ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ထိုက်ကြီး၊ T Kar၊ ရွှေသွေး၊ Nwai 9၊ သီရိနှင်းအိမ်၊ Han So Ree၊ ရဲခန့်တို့ ပြိုင်ပွဲဝင် ၇ ယောက်က သက်ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ Blind Audition အဆင့်ရဲ့ ပထမသီတင်းပတ်မှာ ပြိုင်ပွဲဝင် ၈ ယောက်၊ ဒုတိယသီတင်းပတ်မှာ ၉ ယောက်တို့က ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်တာမို့ စုစုပေါင်း ၂၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်‌တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013