DVB Logo
Home
မြန်မာသတင်း
မြန်မာသံရော၊ ခေတ်ပေါ်စတီရီယိုသံပါ ပိုင်နိုင်သူ The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုး (ရုပ်သံ)
DVB
·
August 31, 2020
မြန်မာသံရော၊ ခေတ်ပေါ်စတီရီယိုသံပါ ပိုင်နိုင်သူ The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုး (ရုပ်သံ)
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ ခင်ရတနာစိုးက ဒိုင်လေးယောက်စလုံးကို လှည့်ကြည့်စေခဲ့ပြီး ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

   အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီး ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။

   Blind Audition အဆင့် ဒုတိယသီတင်းပါတ်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ဒိုက်ဦးမြို့က ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၀ အရွယ် ခင်ရတနာစိုးက အားလုံးရင်းနှီးကျွမ်း ဝင်ကြပြီးဖြစ်တဲ့ “ငယ်ကျွမ်းဆွေ” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီသီချင်းကိုတော့ တေးချစ်သူ ပရိသတ်တွေ အားလုံးက သိခဲ့ပြီးဖြစ်တာမို့ ပိုင်နိုင်တဲ့ တင်ဆက်သီဆိုဟန်နဲ့သာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

ခင်ရတနာစိုးရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ တေးသွားသံစဉ်စာသားစည်းချက်တွေနဲ့အညီ ပိုင်နိုင်နေခဲ့ပြီး ကျောခိုင်းလှည့်ထိုင်နေကြတဲ့ Coach ၄ ယောက်ကိုသာမက ကြည့်ရှုသူတွေကိုပါ စောင့်ကြည့်စေတဲ့အထိ စိတ်ဝင်စားလောက်အောင် ဖမ်းစားထားနိုင်ခဲ့ကာ နောက်ဆုံးမှာတော့ ဒိုင် ၄ ယောက်စလုံးက လှည့်ကြည့်ခဲ့ကြတာပါ။

Coach တွေနဲ့ အမေးအဖြေ ပြုလုပ်ချိန်မှာတော့ သူ့နောက်က လိုက်ပါအားပေးတဲ့ မြန်မာသံသီဆိုမှုကို သင်ကြားပေးခဲ့တဲ့ မိခင်ဖြစ်သူကိုပါ မိတ်ဆက်ပေးခဲ့ကာ ပြိုင်ပွဲဝင်သီချင်းကို အတူသီဆိုပြခဲ့ချိန်မှာတော့ ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီနောက် ခေတ်ပေါ်သီချင်းတပုဒ်ကို Coach တွေက ထပ်မံတောင်းဆိုခဲ့ချိန်မှာလည်း သူက ဝေလရဲ့ မိတ်ကပ်မကြိုက်သောသီချင်းများနဲ့ ထပ်မံအစွမ်းပြခဲ့ပြန်ပါတယ်။

  ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ လှည်ကြည့်သူ Coach တွေထဲက တယောက်ကို ရွေးချယ် စေချိန်မှာတော့ ခင်ရတနာစိုးက နီနီခင်ဇော်ကို ရွေးချယ်ခဲ့တာမို့ Team Ni Ni အဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

       မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန် ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိ လာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

ခုတပတ်ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက လင်းမြိုင်၊ ကို ထိုက်၊ အောင်ပိုင်သူနိုင်၊ ခင်ရတနာစိုး၊ သင်းယု၊ လင်းဝေ၊ ထက်ဂျင်၊ နီထူးစတဲ့ ပြိုင်ပွဲဝင် ၈ ယောက်ကတော့ သက်ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

အရင်တပတ်ကတော့ ပြိုင်ပွဲဝင်တွေထဲက Janus၊ နော်ပြည့် စုံအေးကြူ၊ ဖြုန်းတီး၊ နေခြည်မိုးဦး၊ ရွှေမှုန်၊ Annie၊ ပန်၊ Change စတဲ့ ပြိုင်ပွဲဝင် ၈ ယောက်က  Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာမို့ စုစုပေါင်း ၁၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်‌တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013