
မနေ့ညက The Voice Myanmar Season 3 ရဲ့ Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်မိန်းကလေး ၂ ယောက်ဖြစ်ကြတဲ့ ခင်ရတနာစိုးနဲ့ ခိုင်သဒ္ဒါစိမ့်တို့က တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းနဲ့ အပြိုင်ကြဲသီဆို ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။
ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။
ခုတပတ်ပြိုင်ပွဲမှာတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ခင်ရတနာစိုးနဲ့ ခိုင်သဒ္ဒါစိမ့်တို့က ပလေးဘွိုင်းသန်းနိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
Blind Audition အဆင့်မှာတုန်းကတော့ ခင်ရတနာစိုးက နာမည်ကြီး မြန်မာသံ သီချင်းတပုဒ်ဖြစ်တဲ့ “ငယ်ကျွမ်းဆွေ” သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ခိုင်သဒ္ဒါစိမ့်ကတော့ ဖြူဖြူကျော်သိန်းရဲ့ “အချစ်မီး” သီချင်းနဲ့ ယှဉ်ပြိုင်ပြီး နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ခုတခါ “လမ်းဆက်လျှောက်မယ်” သီချင်းနဲ့ သူတို့ ၂ ယောက်ရဲ့ Battle Round ယှဉ်ပြိုင်မှု အဆုံးမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ နီနီခင်ဇော်က ခင်ရတနာစိုးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရဘဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
ခုတခါမှာတော့ ခိုင်သဒ္ဒါစိမ့်ကို Coach ကျားပေါက်က ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။










